စစ်ကောင်စီဖမ်းသွားတဲ့ ပြည်သူ ၁ ဦးကို ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးလျှက်ပြန်တွေ့

စစ်ကောင်စီဖမ်းသွားတဲ့ ပြည်သူ ၁ ဦးကို ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးလျှက်ပြန်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ သပြေသာရွာက စစ်ကောင်စီဖမ်းသွားတဲ့ ပြည်သူ ၁ ဦးကို ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးလျှက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအင်အား ၁၀၀ ခန့်ဟာ သပြေသာကျေးရွာကို ဝင်ရောက်လာပြီး ကိုမျိုးသက်အောင် (ခ) တရုတ်ကြီးကို PDF ဆိုပြီး ဖမ်းခေါ်ကာ သတ်ခဲ့တာလို့ ဆိုပါတယ်။ 

"စကစနဲ့ပျူတွေဝင်လာတော့ ကျန်တဲ့သူတွေက ပြေးလို့လွတ်တယ်။ သူက ဘာလုပ်နေလဲမသိဘဲ ကျန်ခဲ့တော့ စကစတွေဖမ်းတာ ခံလိုက်ရတယ်။ သူအလောင်းကိုတော့ စက်ကြည်ရွာက အိမ်တခုထဲမှာ ပြန်တွေ့ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ကိုမျိုးသက်အောင်ကို ဖမ်းခေါ်သွားတဲ့နေ့ ညနေ ၅ နာရီလောက်မှ သပြေသာရွာနဲ့ကပ်လျက် စက်ကြည်ကျေးရွာထဲက နေအိမ်တလုံးမှာ ခန္ဓာကိုယ်တခုလုံး ရိုက်နှက်ထားတဲ့ဒဏ်ရာ၊ ဦးခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်လို့  ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကိုမျိုးသက်အောင်ဟာ PDF မဟုတ်ဘဲ သာမန်လယ်ယာလုပ်တဲ့ တောင်သူတဦးသာဖြစ်ပြီး အသက် ၁ နှစ်နဲ့ ၃ နှစ်အရွယ် သား ၁ ဦး၊ သမီး ၁ ဦးနဲ့ ဇနီးဖြစ်သူကျန်ခဲ့တယ်လို့ သိရပါတယ်။

အလောင်းကိုတော့ သပြေသာကျေးရွာကို ပြန်သယ်လာပြီး ဒီဇင်ဘာ ၁၉ ရက်ညနေမှာပဲ ဒေသခံတွေက ကျေးရွာထုံးစံနဲ့အညီ နာရေးကိစ္စကို ပြုလုပ်ခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၄ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ အစွန်ပိုင်းနေ ကျေးရွာ NLD ပါတီအမာခံ မိသားစုဝင် ၈ ဦး အသတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဇီးကုန်းတိုက်နယ် #ဒေသခံအမျိုးသား #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10