စစ်ကောင်စီမီးရထား ဝက်လက်မှ ရွှေဘိုကိုခရီးဆက်၊ လူနေအိမ်တွေကို စတင်မီးရှို့

စစ်ကောင်စီမီးရထား ဝက်လက်မှ ရွှေဘိုကိုခရီးဆက်၊ လူနေအိမ်တွေကို စတင်မီးရှို့

စစ်ကိုင်း-ရွှေဘိုရထားလမ်းပြေးဆွဲဖို့ ကြိုးစားနေတဲ့စစ်ကောင်စီ မီးရထားတွေဟာ ဒီနေ့မှာ ဝက်လက်မြို့ကနေ မြောက်ဘက်ကို ဆက်ထွက်ဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ကို စတင်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက်ကတည်းက ဝက်လက်မြို့တောင်ဘက် ပေါက်ကန်ဘူတာကို ရောက်နေတဲ့စစ်ကောင်စီရဲ့ ရထားတွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရသလို ရထားလမ်းတွေပြုပြင်နေရတာကြောင့် နိုဝင်ဘာ ၁၂ ရက်ကမှ ဝက်လက်ဘူတာကို ရောက်လာတာလို့ သိရပါတယ်။

အခုအခါမှာတော့ အဲ့ဒီမီးရထားဟာ ဝက်လက်ကနေ မိုင် ၂၀ ခန့်ဝေးတဲ့ ရွှေဘိုမြို့ဘက်ကို ခရီးဆက်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီရထားဟာ ကျီးပင်ကန်၊ မုဆိုးခြုံ၊ ပေါက်တုံ စတဲ့ကျေးရွာတွေကို ဖြုတ်သန်းသွားမှာ ဖြစ်ပါတယ်။  

"အခုဆက်ထွက်ဖို့အတွက် ဝက်လက်မြို့မြောက်ဘက်က သခွတ္တောကျေးရွာကို မနေ့ကတည်းက ရှေ့ပြေးတပ် ရောက်နေပြီ။ ဒေသခံ ၂,၀၀၀ လောက် မနေ့ကတည်းကပြေးနေကြပြီ" လို့ ဝက်လက်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

သခွတ္တောရွာဟာ ဝက်လက်မြို့ရဲ့ မြောက်ဘက်ကပ်ရပ် ၁ မိုင်ခန့်အကွာအဝေးမှာရှိတဲ့ ကျေးရွာပါ။ 

ရထားတွေကို လုံခြုံရေးပေးဖို့ ပါလာတဲ့စစ်ကောင်စီတပ်တွေက ဒီနေ့မှာ အဲ့ဒီရွာက ပွင့်လင်းပွဲရုံကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်း-ရွှေဘိုမီးရထားလမ်းကို စစ်တပ်က ရထားပြေးဆွဲဖို့ကြိုးစားနေသလို ဒေသခံကာကွယ်ရေးတပ်တွေကလည်း လမ်းပိုင်းဖြတ်တောက်မှုတွေ လုပ်ထားတာကြောင့် ရထားတွေဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ကြန့်ကြာနေတာလို့ သိရပါတယ်။

ပေါက်ကန်ဘူတာနဲ့ ဝက်လက်မြို့ဟာ  ၈ မိုင်ကျော်ဝေးပြီး ဒီရထားလမ်းကိုပြင်ဆင်တဲ့အချိန်မှာ စစ်တပ်က ဒေသခံပြည်သူ ၁၀ ဦးထပ် မနည်းကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ရထားလမ်း #စစ်ကောင်စီ #မီးရထား #ဝက်လက်မြို့ #ပေါက်ကံဘူတာ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10