စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါ ၂၀ နီးပါးသေ၊ ၅၀ ခန့် အရှင်ဖမ်းမိ

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါ ၂၀ နီးပါးသေ၊ ၅၀ ခန့် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာနားမှာ အခြေခံစစ်သင်တန်းပို့ရန်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးနဲ့ သင်တန်းသားသစ် ၂၀ နီးပါးသေဆုံးပြီး ၅၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ် ၁ စစ်‌ဒေသက ဧပြီ ၁၄ ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၂ ရက်က မုံရွာ နမခ ထပရ ၉၂၉ (အမှတ် ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း)ကနေ အရာတော်မြို့နယ် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)ကို သင်တန်းသားသစ် ၂၅၀ အား ၁၂ ဘီးကား ၅ စီး၊ Express ကား ၁ စီးနဲ့ ပို့ဆောင်စဉ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကား ၃ စီး ပျက်စီးကာ စစ်တပ်ဗိုလ် ၁ ဦးနဲ့ သင်တန်းသားသစ် ၂၀ နီးပါး သေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံ ၁ ဦး၊ သင်တန်းသား အသစ် ၄၅ ဦးတို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဆီက လက်နက်ငယ် ၇ လက်၊ ကျည်မျိုးစုံ ၅,၅၀၀ ဝန်းကျင်၊ ဗုံးသီးမျိုးစုံ အလုံး ၈၀ ၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး ၁ လုံး၊ ကျည်အိမ် ၇ ခု၊ Detonater အချောင်း ၅၀ ၊ ကျည်ကာ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် အရံ  ၂၀၊ Equipment ၁ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖိုင်တွဲ ၈၈ဖိုင် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်‌ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆၊ ၁၉၊ ၂၄၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် ၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း ၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF၊ Special Revolution Force LPDF စတဲ့အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးရမိသည့် သင်တန်းသားသစ်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #အခြေခံစစ်သင်တန်း #စစ်ကောင်စီ #ယာဉ်တန်း #တိုက်ခိုက် #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10