စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါကြောင့် အစာမစားနိုင်တာနဲ့ ပုံမှန်လှုပ်ရှားနိုင်မှုမရှိလို့ ဆေးခွင့်နဲ့ကုသနေရ

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါကြောင့် အစာမစားနိုင်တာနဲ့ ပုံမှန်လှုပ်ရှားနိုင်မှုမရှိလို့ ဆေးခွင့်နဲ့ကုသနေရ

စစ်ကောင်စီလက်ထက် အမည်ခံသမ္မတအဖြစ် ထားရှိထားတဲ့ ဦးမြင့်ဆွေ မှာ အာရုံကြောအားနည်းရောဂါကြောင့် အစားမစားနိုင်တာ၊ နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှု မလုပ်နိုင်တာတွေကြောင့် နေအိမ်မှာ ဆေးခွင့်နဲ့ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစတင်ကာ လှုပ်ရှားရာမှာတုံ့ဆိုင်းနှေးကွေးတာ၊ အစားအသောက်နည်းပါးတာတွေ စတင်ခံစားခဲ့ရလို့ အထူးကုဆရာဝန်တွေပါဝင်တဲ့ဆေးကုသမှုအဖွဲ့နဲ့ ပုံမှန်ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးချက်တွေအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းမှုကြောင့်ဖြစ်ပေါ်တဲ့ အာရုံကြောအားနည်းရောဂါခံစားနေရလို့ ၂၀၂၄ ဧပြီလအတွင်း စင်ကာပူနိုင်ငံ၊ မောင့်အဲလစ်စဘတ်ဆေးကုသစင်တာမှာ ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှု ၅ ရက်ကြာခံယူခဲ့ပြီး ၊ မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိ နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ကာ ယင်းကာလအတွင်း ဦးမြင့်ဆွေရဲ့ မျက်လုံးတွေမှာ ဖြစ်ပွားနေတဲ့ အတွင်းတိမ်တွေကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရတယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီလိုအာရုံကြောအားနည်းရောဂါ ခံစားနေရဆဲဖြစ်လို့ ဇွန် ၁၈ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆေးခွင့်ယူကာ နေအိမ်မှာ အထူးဆေးကုသမှုအဖွဲ့နဲ့ အနီးကပ်ဆေးကုသခံယူလျက်ရှိကြောင်း၊ ဒါ့အပြင် ဦးမြင့်ဆွေကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးပါဝင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့  ၂ကြိမ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ရာ အခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက်မစားနိုင်တာအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားနိုင်မှု မရှိသေးတာကြောင့် စစ်ကောင်စီရဲ့အစီအမံနဲ့ အနီးကပ်ဆေးကုသပေးမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ယာယီသမ္မတအဖြစ်တင်မြှောက်ခဲ့တဲ့ ဦးမြင့်ဆွေဟာ စစ်အာဏာသိမ်းကာလတလျှောက် လူမြင်ကွင်းထွက်ပေါ်လာမှုနည်းကာ စစ်ကောင်စီသက်တမ်းတိုးဖို့ ၆ လ တကြိမ်ခေါ်ယူတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာသာ တွေ့ရလေ့ရှိပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #ယာယီသမ္မတ #ဦးမြင့်ဆွေ #အာရုံကြောအားနည်းရောဂါ #ဆေးခွင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10