စစ်ကောင်စီရိုက်နှက်ခဲ့တဲ့ ဒဏ်ရာကြောင့် နှမ်းခါးရွာကစိတ်ဝေဒနာရှင်တဦး သေဆုံး

စစ်ကောင်စီရိုက်နှက်ခဲ့တဲ့ ဒဏ်ရာကြောင့် နှမ်းခါးရွာကစိတ်ဝေဒနာရှင်တဦး သေဆုံး

စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်တဲ့ဒဏ်ရာကြောင့် နှမ်းခါးရွာက စိတ်ဝေဒနာရှင်တဦး ဇန်နဝါရီ ၈ ရက် မနေ့ကသေဆုံးသွားခဲ့တယ်လို့ နှမ်းခါးလူငယ်အဖွဲ့ဆီကသိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ညက စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတဲ့ မကွေးတိုင်း၊ နှမ်းခါးရွာက အသက် ၆၃ နှစ်အရွယ် ဦးပေတုံးကို ရွာသားတွေက တတ်နိုင်သလောက် ဆေးကုသမှုတွေပေးနေရင်းနဲ့ပဲ သေဆုံးသွားတာဖြစ်တယ်လို့ နှမ်းခါးလူငယ်အဖွဲ့ဝင် ကိုစိုးလေးကပြောပါတယ်။

“ နှမ်းခါးရွာကိုညအိပ်တပ်စွဲလာပြီးမှ စိတ်ဝေဒနာရှင်တဦးကို ဖမ်းဆီးရိုက်နှက်သွားတယ်၊သူတို့အဖွဲ့တွေ ၃၀ ရက်နေ့မှာပြန်ပြီးထွက်သွားတဲ့အချိန်မှာ ကျနော်တို့လူငယ်အဖွဲ့တွေ တွေ့လို့ သူ့ကိုဆေးကုသမှုပေးနေရင်းနဲ့ပဲ သေဆုံးသွားတယ်၊ ခေါင်းမှာ ၁ ချက် လည်ပင်းနားလောက်မှာ ၁ ချက်ရိုက်ခံရတာ၊ “ လို့ သူကပြောပါတယ်။

နှမ်းခါးရွာကို စစ်တပ်က မကြာခဏဆိုသလို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးတာတွေလုပ်တာကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာဒေသတွေဆီကို ရှောင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“ခုကတော့တောထဲမှာ လူဦးရေ ၁ သောင်းဝန်းကျင်လောက်ရှောင်နေရတယ်၊ ရွာထဲမှာမနေရဲကြဘူး၊အိမ်ခြေက ၁ ထောင်နဲ့ ၅အိမ်ရှိတယ်၊ရွာကိုဒုက္ခလာပေးနေတာက စစ်ကောင်စီအဖွဲ့ကစစ်သားတွေကပါ၊ အရင်ကလည်း ရွာမီးရှို့ခံရတယ်၊ ရွာမီးရှို့ခံရတာ ၄ ကြိမ်ရှိသွားပြီ၊ အိမ် ၆၄ အိမ်အရှို့ခံရတယ် “ လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၉ ရက်ညမှာပဲ အသက် ၄၆ နှစ်အရွယ် ဦးထွားမောင်ကို စစ်ကောင်စီက မီးရှို့သတ်ခဲ့တယ်လို့သိရပြီး လက်ရှိအချိန်ထိ နှမ်းခါးရွာမှာ စစ်ကောင်စီလက်ချက်နဲ့သေဆုံးသူ ၆ ဦးရှိပြီလို့လည်း နှမ်းခါးလူငယ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10