စစ်ကောင်စီရဲ့ ငွေစက္ကူဂယက် ဘဏ်တွေအထိပါ လှုပ်ခတ်၊ မန္တလေးရွှေစျေးကွက်ပိတ်ထား

စစ်ကောင်စီရဲ့ ငွေစက္ကူဂယက် ဘဏ်တွေအထိပါ လှုပ်ခတ်၊ မန္တလေးရွှေစျေးကွက်ပိတ်ထား

စစ်ကောင်စီရဲ့ ငွေကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမယ်လို့ သတင်းကြေညာအပြီး ဇူလိုင်လ ၂၄ ရက်ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးမြို့ကဘဏ်တွေမှာ ငွေထုတ်ယူသူများပြားနေသလို မန္တလေးရွှေစျေးကွက်လည်း ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"မနေ့ကတည်းက ထုတ်ချင်နေတာ ဘဏ်ပိတ်ရက်မို့လေ။ ငွေကိုဘဏ်ထဲအပ်ထားလည်းရှုံးမှာမို့ ရွှေလေးရသလောက် ဝယ်ထားမလို့ပါ။ အကုန်လုံးလည်းထုတ်နေကြတာ။ ဒီနားက ဘဏ်သုံးဘဏ်ကပ်လျက် အကုန်လူတွေ အပြည့်ပဲ" လို့ မန္တလေးမြို့ ကျုံးဘေး၂၆ လမ်းပေါ်က ဘဏ်မှာ ငွေထုတ်နေတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ရုံးပြန်ဖွင့်ရက် တနင်္လာနေ့တိုင်းမှာ လူများတာကဖြစ်လေ့ရှိပေမယ့် ဒီကနေ့မှာ ဘဏ်ငွေထုတ်သူပိုများတယ်လို့လည်း နောက်ထပ်မြို့ခံတဦးက ဆိုပါတယ်။

"မနက် ၉ နာရီ ဘဏ်စဖွင့်တဲ့အချိန်ကတည်းက UAB ဘဏ်ကို ရောက်နေတာ။ ဒီနေ့ နေ့လယ်ပိုင်းအထိ ထုတ်လို့မရသေးဘူး။ တုံကင်နံပါတ်စောင့်နေတုန်းပဲ။ လူကတော့ ပုံမှန်ထပ်ပိုများနေတယ်" လို့ မြို့ခံတဦးက ဆိုပါတယ်။

စစ်ကောင်စီက ၂၀,၀၀၀တန် ငွေစက္ကူထုတ်ဝေမယ့်အကြောင်းကို မနေ့(ဇူလိုင်လ၂၃)ရက်က ကြေညာအပြီးမှာ ရွှေစျေးဟာ ယခင်ပေါက်စျေးထက် နှစ်သိန်းကျော်မြင့်တက်ခဲ့ပြီးနောက် ဒီနေ့မနက်မှာတော့ မန္တလေး ရွှေစျေးကွက် ပိတ်ထားကြောင်းကိုပါ ကြေညာထားပါတယ်။

အဲ့ဒါအပြင် နာမည်ကြီးရွှေဆိုင်အားလုံးလည်း ဒီနေ့မနက်ပိုင်းကစပြီး ဆိုင်တံခါးတွေအားလုံးပိတ်ကာ ပြန်ဝယ်သီးသန့်သာ ဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဝယ်ဖွင့်ထားတဲ့ဆိုင်က အနည်းငယ်သာရှိပြီး ဒင်္ဂါးရွှေ အပွထည်တွေသာရောင်းပေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ကောင်စီက ငွေလိုနေလို့ ငွေစက္ကူ ၂၀၀၀၀ တန်တွေ ရိုက်နှိပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စစ်အုပ်စုက ဒါကို ထုတ်ပြန်ချက်ထုတ် ငြင်းခဲ့ပါတယ်။ 

အဲ့ဒီနောက် အခု ဇူလိုင် ၃၁ ရက်မှာ ဒီငွေစက္ကူ ၂၀,၀၀၀ တန်တွေကို ထုတ်ဝေအသုံးပြုမယ့်အကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။​


ပုံစာ - UAB မန္တလေး ၃၅ လမ်းဘဏ်ခွဲကို ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #၂၀,၀၀၀တန် #မန္တလေးမြို့ #ဘဏ် #မန္တလေး #ရွှေစျေးကွက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10