စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့၀င် ၅ ဦးအပါ ဒဏ်ရာရသူများ

စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့၀င် ၅ ဦးအပါ ဒဏ်ရာရသူများ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၉ ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် KNLA တပ်ဖွဲ့ဝင် ၅ ဦးအပါအဝင် ၁၈ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ မတ်လ ၂ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါရက်တွေအတွင်း ဇီးကုန်းကျေးရွာ၊ ကေအဲန်ယူ-လယ်ဒိုကော်ဆာရဲ့ ထီးမိုဂီထာရဲစခန်းနဲ့ ကျွန်းတောစခန်း၊ ထိုးဝါးစိုက်၊ ဘောဂထာ၊ နတ်သံကွင်းမြို့၊ အင်းပရိကျေးရွာ၊ ကညင်ကျိုးကျေးရွာတွေ ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၃၀၃ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"KNU စခန်းတွေကိုကျတော့ စကစဘက်က တရက်တည်း လေကြောင်းကနေ ၆ ကြိမ်လာပစ်သွားတာ။ ဗုံးကြဲတာကော၊ စက်သေနတ်နဲ့ပစ်တာကော။ ကျန်တဲ့အရပ်သားတွေ ထိခိုက်တာကျတော့ လက်နက်ကြီးနဲ့ပစ်လို့ ထိတာများတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ဘာဘူကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဇီးကုန်းကျေးရွာကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ မောင်သက်စီးရဲ့နေအိမ်နဲ့ ဦးခိုင်လွင်ရဲ့နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ ၆ စင်းနဲ့ Mi-35 ၁ စင်းသုံးပြီး ကေအဲန်ယူ-လယ်ဒိုကော်ဆာရဲ့ ထီးမိုဂီထာရဲစခန်းနဲ့ ကျွန်းတောစခန်းကိုဗုံးကြဲပြီး စက်သေနတ်နဲ့ ပစ်တာကြောင့် ထီးမိုဂီထာရဲစခန်းမှာ အဖမ်းခံထားရတဲ့ ၄၅ နှစ်အရွယ် ဇရပ်ခင်ကျေးရွာသား ဦးသန်းဇော်ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ကျွန်းတောစခန်းက KNLA လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ ကုန်းချောင်းဝမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေသားတွေ၊ နတ်သံကွင်းတံတားထိပ်ရှိ စစ်ကောင်စီတပ်သားတွေ၊ မူးမြို့နယ် ရွှေဝါတပ်ရင်း ခမရ ၃၀၇ တပ်က စစ်သားတွေနဲ့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄က တပ်သားတွေက နတ်သံကွင်းမြို့ဘက်၊ ကညင်ကျိုးနဲ့ ဘောကထာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း အကြိမ်ရေ ၆၀ ကျော်ပစ်ခတ်ခဲ့ရာ နေအိမ်တလုံးပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ  ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ ကနေ ဘောကထာကျေးရွာအနီးကို ၁၅၅ မမ ၇ လုံး၊ ကညင်ကျိုးကျေးရွာကို ၁၂၀ မမ ၃ လုံးပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာက ဆေးခန်း ၁ လုံးအပြင် ဦးမောင်ထွန်းထွန်းနဲ့ ဦးအောင်ထွန်းလင်း တို့ရဲ့ နေအိမ် ၂ လုံးကို ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ထိန်တော၊ ကုန်းချောင်းဝနဲ့ နတ်သံကွင်းတံတားထိပ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေက နတ်သံကွင်းမြို့ပေါ်ကို ၈၁ မမနဲ့ ၆၀ မမ စတဲ့လက်နက်ကြီးတွေအပြင် ဒရုန်းနဲ့ပါတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးပါဘူး။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ ကနေ နတ်သံကွင်းမြို့ ကို ၁၅၅ မမ ၂ လုံး၊ စောမူသယ်နဲ့ ဝက်လာတောကျေးရွာကို ၂ လုံး၊ ရွှေဝါတပ်ရင်း ခမရ ၃၀၇ ကနေ တမောမကျေးရွာကို ၅ လုံးပစ်ခတ်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၉ ရက်မှာတော့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ကနေ အင်းပရိကျေးရွာကို ၁၂၀ မမ ၄ လုံးပစ်ခတ်ခဲ့ရာ အင်းပရိနဲ့ မူသယ်ကျေးရွာက နေအိမ်အချို့မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10