စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီး ရဲတပ်ဖွဲ့ထဲအသွင်းခံရတဲ့ ရဲတပ်သား လက်နက်နဲ့အလင်းဝင်

စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီး ရဲတပ်ဖွဲ့ထဲအသွင်းခံရတဲ့ ရဲတပ်သား လက်နက်နဲ့အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာတာဝန်ကျတဲ့ ရဲတပ်သားတဦး ဩဂုတ် ၁၈ ရက် မနေ့က တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူမှာ တောင်သာရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား သီဟ ဆိုသူဖြစ်ပြီး ၎င်းဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံရပြီးတဲ့နောက် ရဲတပ်ဖွဲ့ထဲ ရောက်ရှိလာတာလို့ ဆိုပါတယ်။

“ သူတို့ ရဲဝန်ထမ်းဖြစ်တာ မကြာသေးဘူး။ လွန်ခဲ့တဲ့တနှစ်ခွဲလောက်က လမ်းမှာဖမ်းဆီးခံရတဲ့ ကလေးတွေပါ။ သူတို့ဆန္ဒမပါဘဲ သူတို့ကို သင်တန်းတက်ခိုင်းတယ်။ ရန်ကုန် မှော်ဘီရဲတပ်ရင်း ၅ မှာသင်တန်းပေးပြီးတော့ တောင်သာကို တာဝန်ပေးလိုက်တာ။ သူတို့အခွင့်သာတာနဲ့ ဘက်ပြောင်းခိုလှုံလာကြတာပါ။ “လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲတပ်သား သီဟ ဟာ ၎င်းကိုင်ဆောင်တဲ့ BA 63(G3) သေနတ် ၁ လက် ၊ ၇.၆၂ မမ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တာဖြစ်ပြီး အဲ့ဒီလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာကြောင့် ဆုကြေး ‌ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရှုံးစစ်ကောင်စီရဲ့လက်အောက်မှာ အသက်အဆုံးရှုံးခံပြီး ဂုဏ်သိက္ခာမဲ့စွာ တာဝန်မထမ်းကြဘဲနဲ့ နောက်ထပ်ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံလာမဲ့ ရဲဘက်၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ တပ်သားတွေကိုလည်း အမြဲတမ်းကြိုဆိုနေမှာဖြစ်တယ်လို့ အထက်ပါအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဩဂုတ် ၁၇ ရက်ကလည်း တောင်သာမြို့နယ်ရဲစခန်းက ရဲတပ်သား မျိုးချစ်သူ တောင်သာပကဖထံ လက်နက်နဲ့အတူအလင်း ဝင်ရောက်လာခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တောင်သာ #အလင်းဝင် #ရဲတပ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10