စစ်ကောင်စီရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ကနီနဲ့ ချောင်းဦးမှာ ပြည်သူ ၇ ဦး သေဆုံး

စစ်ကောင်စီရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ကနီနဲ့ ချောင်းဦးမှာ ပြည်သူ ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းမှာ မုံရွာနမခကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ ကနီမြို့နယ်၊ ချောင်းမကျေးရွာကို ဗုံး ၂ လုံးကြဲချခဲ့ပြီး ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ဆေးကုသနေရင်း ၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကိုနေမင်းဝင်း၊ ကိုဟန်ကိုကို၊ ကိုချစ်ဦး၊ ဒေါ်မြတ်ဌေးနဲ့ အချက်အလက်စုံစမ်းဆဲ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ကာ ၁၅ ယောက်ကျော် ဒဏ်ရာရရှိထားပြီး သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ထိတာ တော်တော်များတယ်၊ ဘော်လန်ဒီယာဆရာမ ၁ ယောက်လည်း တကိုယ်လုံးအနှံ့ ဒဏ်ရာရတယ်။ G 11 ကျောင်းသား ၁ ယောက်တော့ (သေဆုံးတာ) သေချာတယ်။”လို့ ကနီဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျီကုန်းကျေးရွာက ပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိ ၃ ရက်တာအတွင်း ကလေးမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ 

#စစ်ကိုင်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ကလေးငယ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10