စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို

စစ်ကောင်စီက ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်ကနေ ၁၅‌ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်တဲ့ကာလအတွင်း မြန်မာနိုင်ငံထဲက ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၄၀၀ ကျော်သေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေကာ လူဦးရေ ၁ သန်းကျော်လည်း ရေဘေးဒုက္ခရောက်နေချိန် ဖြစ်ပါတယ်။

မြေလတ်ဒေသထဲက အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ ကောလင်း စတဲ့ ၅ မြို့နယ်မှာလည်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတာ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေတာတွေကြောင့် မြို့လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်မှုမရှိခဲ့ပါဘူး။

“ကောလင်း၊ ပင်လည်ဘူး မြို့ပေါ်ပါမကျန် သူတို့အုပ်ချုပ်ရေးယန္တရား မလုပ်နိုင်ဘူးလေ၊ အုပ်ချုပ်ခံလူလည်း မရှိဘူး၊ ပင်လည်ဘူးဆို အကုန်ရှင်းတယ်။"လို့ ကောလင်းဒေသခံတဦးက မြေလတ်အသံကို ဖြေဆိုထားခဲ့ပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမယ့် လုပ်ငန်းစဉ်အတွက် နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၅၆၀၀၀ ကျော်ကို အသုံးပြုခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေ၊ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေကို အသုံးပြုကာ လက်နက်ပြဖိအားပေးပြီး ကောက်ခံတာတွေ လုပ်ခဲ့တယ်လို့ တွေ့ရှိရကြောင်း ဆိုထားပါတယ်။ 

အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ သန်းခေါင်စာရင်းကောက်ယူဖို့စီစဉ်ထားတဲ့ စစ်ကောင်စီဟာ သတ်မှတ်ချိန်ကာလကို အောက်တိုဘာလကုန်ထိ ထပ်တိုးခဲ့တာက လုပ်ငန်းစဉ်မအောင်မြင်ကြောင်း သူတို့ကိုယ်တိုင်ဝန်ခံမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံစာ - အောက်တိုဘာလ ၁ ရက်က မုံရွာမြို့မှာ စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပြီး သန်းခေါင်စာရင်း စတင်ကောက်ယူစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#သန်းခေါင်စာရင်း #၂၀၂၄ #မအောင်မြင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10