စစ်ကောင်စီရဲ့ သံပြားကာ ကားတန်း မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံး၊ ကား ၂ စီးပျက်စီး

စစ်ကောင်စီရဲ့ သံပြားကာ ကားတန်း မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံး၊ ကား ၂ စီးပျက်စီး

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လျှပ်စီးတပ်ခွဲအဖွဲ့ဆီကတဆင့် သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနေ့ မနက် ၁၀ နာရီဝန်းကျင်က မုံရွာ နမခထဲကနေ စစ်ကိုင်းမြို့ဘက်ကို သံပြားကာ ကား ၄ စီးနဲ့ ထွက်လာချိန် ရှေ့ထွက်မိုင်း ၆ လုံး၊ ပဒေသာမိုင်း ၉ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မိုင်း ၁၅ လုံး စလုံးကွဲတယ်။ စစ်** ၇ ယောက်ကတော့ နေရာမှာပဲ သေတယ်လို့ ပြောတယ်။ တပ်တွင်းနဲ့ နီးစပ်တဲ့သူက သတင်းပေးပို့ပေးတာပါ။ သူတို့ဘက်က အထိခိုက်များတော့ စက်သေနတ်တွေနဲ့ရော ၄၀ မမတွေနဲ့ရောပါ ပစ်တာ၊ အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူးဗျ။" လို့ မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ ဖြစ်တဲ့ လျှပ်စီးတပ်ခွဲအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး သံပြားကာ ကား ၂ စီးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ သံပြားကာ ကား ၂ စီးကို ချောင်းဦးမြို့ အရှေ့ဘက်က ဟန်သစ်ဆီဆိုင်နားမှာ ထားခဲ့ပြီး ကျန်တဲ့ သံပြားကာ ကား ၂ စီးကိုတော့ ချောင်းဦးမြို့၊ နတ်ရေကန်ရွာနားမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို မောင်းနှင်သွားကာ အဲဒီကမှတဆင့် စစ်ကိုင်းမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

"နတ်ရေကန်ကို ခဏဝင်ပြီး နားခိုတဲ့သဘောပေါ့၊ နေ့လယ် ၁၁ ခွဲလောက်မှာတော့ စစ်ကိုင်းဘက်ကို ပြန်ထွက်သွားတယ်။ ညနေ ၅ နာရီထိ ချောင်းဦးမြို့ထဲကနေ မြင်းမူထွက်လမ်းတွေ အကုန် စစ်**တွေက ပိတ်ပစ်လိုက်တယ်။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ ကြီးကြီးမားမား အထိခိုက်မရှိပါဘူး။" လို့ လျှပ်စီးတပ်ခွဲအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။ 

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီတပ်တွေက အနီးနား ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ၁ နာရီကြာအောင် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲအဖွဲ့နဲ့အတူ ရေနဂါး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ Seven Defence Force ပြည်သူ့တော်လှန်ရေးတပ်၊ Eleven People Defence Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ခေတ်သဒ္ဒါ၊ တည်းဖြတ် - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦး #မြင်းမူ #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10