စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းက ညောင်ကုန်းရွာသား ၃ ဦးကို ခေါင်းဖြတ်သတ်သွား

စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းက ညောင်ကုန်းရွာသား ၃ ဦးကို ခေါင်းဖြတ်သတ်သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်း‌ကျေးရွာကို စက်တင်ဘာ ၂၆ ရက် မနက်က စစ်ကောင်စီလက်အောက်ခံ ကျားဘီလူးစစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသား ၃ ဦးကို ခေါင်းဖြတ်သတ်သွားတယ်လို့ ကျားသစ်နက်တပ်မတော် B.L.P.A အဖွဲ့တာဝန်ခံ ကိုဥက္ကာဦးက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် စက်တင်ဘာ ၂၇ ဒီနေ့မနက် ၇ နာရီခွဲမှာ ကျားသစ်နက်တပ်မတော်က ညောင်းကုန်းကျေးရွာအတွင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းရာမှာ ခေါင်းဖြတ်ခံထားရတဲ့ အမျိုးသား ၃ ဦးရဲ့ ဦးခေါင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

စစ်ကောင်စီက ကျေးရွာလမ်းပေါ်က ထိုင်ခုံ ၂ လုံးပေါ်မှာ အမျိုးသား ၂ ဦးရဲ့  ဦးခေါင်း ၂ လုံးကိုတင်ထားခဲ့ပြီး ကျန်တလုံးကိုတော့ ခြံစည်းရိုးပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ 

ခြံစည်းရိုးပေါ်မှာ တင်ထားတဲ့ အမျိုးသားဦးခေါင်းရဲ့ နဖူးမှာ “ကျားဘီလူးစစ်ကြောင်း” လို့ ရေးထိုးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အသတ်ခံထားရသူတွေရဲ့  ခြေလက်တွေကို ဖြတ်တောက်ထားတာ၊ ဗိုက်ဖောက်ထားပြီး ဗိုက်ထဲကို ဖြတ်ထားတဲ့လက်ချောင်းထိုးထည့်ထားတာတွေ လုပ်ခဲ့ပါတယ်။ 

“ခေါင်းဖြတ်ပြီးတော့ ကုလားထိုင်ပေါ်မှာတင်ခဲ့တယ်။ ခြေတွေလက်တွေလည်း ဖြတ်တောက်ထားတာတွေ့ရတယ်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်စွာလုပ်ထားတဲ့ အခြေအနေပဲ။ ရုပ်ပျက်ဆင်းပျက် အနေအထား တွေ့ခဲ့ရပါတယ်။” လို့ ကျားသစ်နက် တပ်မတော် B.L.P.A တာဝန်ခံ ကိုဥက္ကာဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ကုန်းကျေးရွာထဲကို မနက်စောစောဝင်လာတာဖြစ်တဲ့အတွက် လွတ်အောင် မပြေးနိုင်ဘဲ အဖမ်းခံလိုက်ရတဲ့သူတွေကို သတ်သွားတာဖြစ်နိုင်ပြီး အသတ်ခံရသူတွေဟာ သာမန်ပြည်သူတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

မြေလတ်အသံက ရရှိထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ သေဆုံးသူတွေဟာ အရပ် အဝတ်အစားနဲ့ သေဆုံးနေကြတာကို တွေ့ရပါတယ်။  

အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲကို စက်တင်ဘာ ၁၀ ရက်ကတည်းက ရောက်နေပြီး အင်မထီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေအတွက် လှည့်လည်ပြီး ရိက္ခာရှာဖွေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာအင်အားနည်းလာတဲ့အခါ လေကြောင်းကနေ ပို့ဆောင်ပေးသလို အခုလို အနီးနားက ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးကာ ရိက္ခာရှာဖွေတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

ညောင်ကုန်းကျေးရွာကို ဝင်ရောက်သွားတဲ့စစ်ကြောင်းဟာ ခလရ ၇၀၄ တပ်က ဖြစ်နိုင်ပြီး လက်ရှိမှာ အဲ့ဒီ စစ်ကြောင်းဟာ ပုလဲမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ ရှိနေသေးတယ်လို့ ကျားသစ်နက်တပ်မတော် B.L.P.A တာဝန်ခံ ကိုဥက္ကာဦးက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့ #ညောင်ကုန်း‌ကျေးရွာ #စစ်ကောင်စီ #ကျားဘီလူးစစ်ကြောင်း #ညောင်ကုန်းရွာသား #ေခါင်းဖြတ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10