စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဓားပြတိုက်ခံရ

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဓားပြတိုက်ခံရ

စစ်ကောင်စီလက်အောက် စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန နဲ့ တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံး ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ လမ်းသွယ် ၂၀ မှာရှိတဲ့ အဆိုပါရုံးကို ဇန်နဝါရီ ၂၃ ရက် မနေ့မနက် ၁၁ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၅ ဦးထက်မနည်းက ကား ၁ စီးနဲ့ ဝင်ရောက်စီးနင်းဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

" ကျနော်တို့သိရသလောက်က ဌာနပိုင်ကားတွေ ပါသွားတယ်။ လူတော့မပါဘူး။ ငွေနည်းနည်းလပါသွားတယ်။ ကားနဲ့မောင်းဝင်လာပြီး လက်နက်နဲ့ဝင်ချလာတာဆိုတော့ ဓားပြဝင်တိုက်တာဖြစ်နိုင်တယ်။"လို့ မုံရွာမြို့ဌာနဆိုင်ရာရုံးနဲ့နီးစပ်တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စီးနင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာနနဲ့ တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးအနီးမှာ တိုင်းရင်းဆေးရုံနဲ့ တိုင်းကြက်ခြေနီရုံးတွေရှိပြီး ရုံးအတွင်းမှာ စစ်ကောင်စီဝန်ထမ်း ၁၅ ဦးထက်မနည်းရှိပေမယ့် စစ်ကောင်စီရဲ့လက်နက်ကိုင်အစောင့်တွေ မရှိတဲ့ရုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ လက်နက်ကိုင်လူတစုက ဓားပြဝင်တိုက်တာဖြစ်ပြီး Suzuki Swift အပါ အိမ်စီးကား ၃ စီး၊ ဌာနပိုင်ငွေ ၃၄၀,၀၀၀ ကျပ်၊ လက်မ ၄၀ TV ၁ လုံး၊ ကင်မရာ ၁ လုံးနဲ့ ရုံးစာရွက်စာတမ်းတွေယူဆောင်သွားတယ်လို့ ရေးသားဖော်ပြကြပါတယ်။

လက်နက်ကိုင်လူတစုရုံးထဲကနေ ပြန်ထွက်သွားချိန် ကားအချို့နဲ့ငွေအချို့ပါသွားခဲ့ကြောင်းနဲ့ ဌာနဆိုင်ရာရုံးဖြစ်နေတာကြောင့် အတိအကျစုံစမ်းလို့မရဘူးလို့ အထက်ပါမုံရွာမြို့ဌာနဆိုင်ရာနဲ့ နီးစပ်သူက ပြောဆိုထားပြီး စစ်ကောင်စီရဲ့ဌာနဆိုင်ရာပစ္စည်းတွေ ဆုံးရှုံမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

အဆိုပါရုံးဌာနမှာ စစ်ကောင်စီရဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနလက်အောက် တိုင်းညွှန်ကြားရေးမှူးရုံးဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးမှာ ဦးဂျန်ဖန်နော်တောင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း သလ္လာရပ်ကွက်၊ မကျီးပင်စျေးအနီးမှာ ဒေါ်ရွေဝါပိုင် သံတိုသံစရောင်းဝယ်လုပ်ငန်းလုပ်သူရဲ့နေအိမ်ကို ပြန်ပေးသမား ၃ ဦးက ဝင်ရောက်လာပြီး သမီးဖြစ်သူ မမိုးမိုးစံကို ပြန်ပေးဆွဲရာ ရုန်းကန်တာကြောင့် လူကိုပစ်သတ်ပြီး ကားကို ယူဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်ကိုင်းတိုင်း #တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးရုံး #ဓားပြတိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10