စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ

စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ

မကြာမီကာလအတွင်း စစ်ကောင်စီသည် ထွက်ပေါက်တစ်ခုကို မဖြစ်မနေ ရှာရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အစဉ်တစိုက် ကိုင်စွဲလာသော ၂၀၀၈ အခြေခံဥပဒေက ပေးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)၏ အခန်းကဏ္ဍသည် ချုပ်ငြိမ်းရတော့မည် ဖြစ်သောကြောင့်ပင်။ 

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ကိုင်စွဲ၍ အာဏာထိန်းပါသည်ဟု အကြောင်းပြခဲ့သော စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်သည် လာမည့်နှစ် ဇန်နဝါရီလကုန်တွင် နိဌိတံပြီဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေတွင် အရေးပေါ်ကာလသက်တမ်းကို ၂ နှစ်အထိသာ သတ်မှတ်ပေးထားပြီး ၂ နှစ် ပြည့်မြောက်ပါက "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်" ဟု အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ပုဒ်မ ၄၂၆ မှာ အတိအလင်းဖော်ပြထားသည်။ 

အကယ်စင်စစ်မူ စစ်ကောင်စီသည် အာဏာလွှဲပြောင်း ရယူခဲ့သည့် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ (၁) ရက်နေ့ကပင် အာဏာသိမ်းမှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အာဏာလွဲယူစဉ်က ၎င်းတို့ ကိုင်စွဲခဲ့သော အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များတွင် အာဏာလွှဲပြောင်းပေးနိုင်သူမှာ နိုင်ငံတော်သမ္မတဟူ၍ အတိအလင်းဖော်ပြထား၏။ သို့သော် စစ်ကောင်စီသည် လွှတ်တော်နှစ်ရပ်၏ သဘောထားဆန္ဒမပါဘဲ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတဟု ကင်ပွန်းတပ်ပြီး လက်တလုံးခြား လိမ်ညာလှည့်ဖျားကာ အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းမှုကို ကျူးလွန်ထားသော်လည်း မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ခေါင်းဆောင်တို့သည် ၂၀၀၈ အခြေခံဥပဒေနှင့်အညီ အာဏာထိန်းသိမ်းထားရပါသည်ဟုသာ အမြဲမပြတ်ပြောဆိုခဲ့သည်။ အာဏာရှင်ဟောင်းနှင့် အာဏာရှင်သစ်ကို ပေါင်း ကူးပေးနိုင်သည့် ၂၀၀၈ အခြေခံဥပဒေကို ၎င်းတို့ အလွယ်တကူ လွှင့်မပစ်ရက်ပေ။ ပေတံတချောင်းသဖွယ် ကိုင်စွဲထားရ၏။ 

ယခုမူ ၎င်းတို့ အစဉ်တစိုက်ကိုင်စွဲထားသော ၂၀၀၈ အခြေခံဥပဒေအရပင် ၎င်းတို့၏ အခန်းကဏ္ဍသည် နေဝင်ချိန်သို့ ရောက်လာပေပြီ။ အရေးပေါ်ကာလဥပဒေပုဒ်မ ၄၂၉ အရ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ၆ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချပ်များနှင့်အညီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမည်" ဟု ပြဌာန်းထားသည်။ သို့ဖြစ်ရာ စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ပေတံအရပင် ၎င်းတို့၏ ကာလုံသက်တမ်း ကုန်ဆုံးချိန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မှ နောက် ၆ လအတွင်း ရွေးကောက်ပွဲမဖြစ်မနေ ကျင်းပပေးရမည်ဖြစ်၏။ သို့မှသာ ၎င်းတို့၏ ၂၀၀၈ ခြေဥ ပေတံကို ဆက်လက်ကိုင်စွဲခွင့် ရှိမည်ဖြစ်သည်။ ကျိုးပဲ့ထားသည့် ပေတံကို မှင်သေသေဖြင့် ဆက်လက်ကိုင်စွဲမည်လား၊ ပေတံကို ကိုယ်တိုင်ချိုး၍ ရှေ့ဆက်တိုးကာ မိုက်လုံးကြီးမည်လား စစ်ကောင်စီ ဆုံးဖြတ်ရပေတော့မည်။ 

စစ်ကောင်စီအတွက် ရွေးချယ်စရာ လမ်းနှစ်ခုသာ ရှိပါတော့သည်။ ပထမလမ်းမှာ  ရွေးကောက်ပွဲလုပ်ပေးခြင်းဖြစ်ပြီး ဒုတိယလမ်းမှာ ၂၀၀၈ ‌အခြေခံဥပဒေကို အတိအလင်း ကျောခိုင်းကာ အာဏာဆက်သိမ်းကြောင်း ကြေညာခြင်းပင်။ ရွေးကောက်ပွဲဆိုသော်လည်း ပုဒ်မ ၄၂၉ တွင် "အထွေထွေရွေးကောက်ပွဲ" လုပ်ပေးရမည်ဟု ပြဌာန်းထားရာ စစ်ကောင်စီအနေဖြင့် တစိတ်တပိုင်း ရွေး ကောက်ပွဲကို ပြယုဂ်သဘော လုပ်ခွင့်သာမည် မဟုတ်ပေ။ အာဏာသိမ်းစက မတည်ငြိမ်မှုများကို အလွယ်တကူ ထိန်းသိမ်း၍ အထွေထွေ ရွေးကောက်ပွဲကို အလွယ်တကူ ကျင်းပပြီး အာဏာဆက်ယူနိုင်မည်ဟု မှန်းဆထားပုံရသော စစ်ကောင်စီ၏ ရည်မှန်းချက်သည် ယခုကာလတွင် ပြည့်ဝမည့် အလားအလာ မရှိချေ။ ဒေသအသီးသီးတွင် ခုခံတော်လှန်မှုများ ပြည့်လျှမ်းနေ၏။ ဤ အခြေ အနေအတွင်း  အထွေထွေရွေးကောက်ပွဲကို အဓမ္မကျင်းပပါက သွေးစွန်းသော ရွေးကောက်ပွဲ၊ မအောင်မြင်သော ရွေးကောက်ပွဲအဖြစ်သာ နိဂုံးချုပ်ရမည့် အလားအလာရှိ၏။ 

 အထွေထွေရွေးကောက်ပွဲမကျင်းပတော့ဘဲ  အာဏာသိမ်းလမ်းကြောင်းကို ရွေးမည်ဆိုပါကလည်း ဦးသန်းရွှေ ဦးဆောင်သည့် စစ်အာဏာရှင်ဟောင်းများ၏ လုံခြုံရေးကို အာမခံချက်ပေးထားနိုင်သည့် ၂၀၀၈ အခြေခံဥပဒေကို မြောင်းထဲ လွှင့်ပစ်ရာရောက်ရမည်ဖြစ်သဖြင့် အာဏာရှင်ဟောင်းများ၏ ‌အလိုမတူမှုကို မင်းအောင်လှိုင်တို့ ရင်ဆိုင်ရပေမည်။ အာဏာထိမ်းပါသည်ဆိုသော ကာလမှာပင် တတိတိ ပျက်ကြွေနေသော စစ်တပ်အတွင်း အောက်ခြေစစ်သည်များ၏ စိတ်ဓါတ်ရေးရာ အလွန်အမင်း ကျဆင်းကာ ရှေ့က ရန်သူထက် နောက်ကလာမည့် ကျည်ဆန်က ပိုကြောက်စရာကောင်းသည်ဆိုသော အချက်သည်လည်း စစ်ခေါင်းဆောင်များ  လျစ်လျူရှုထား၍ မရသည့် အနေအထားဖြစ်၏။ 

သို့ဖြစ်ရာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်တို့သည် အထွေအထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည့် လမ်းကြောင်းကိုသာ ရွေးချယ်လိမ့်မည်ဟု မှန်းဆရပေသည်။ ၎င်းတို့ မဖြစ်မနေ လုပ်ရတော့မည့် ‌အထွေထွေရွေးကောက်ပွဲကို ကျင်းပခွင့်သာအောင်လည်း အရေးပေါ် ထွက် ပေါက်တစ်ခု ရှာဖွေထားဟန်တူ၏။ ထိုထွက်ပေါက်မှာ အခြားမဟုတ်။ "ကိုဗစ်"

ကိုဗစ်ဟူသည့် ကူးစက်ရောဂါကို အကြောင်းပြကာ စစ်ကောင်စီသည် လာမည့် ကာလအတွင်း ဒေသအသီးသီးကို လော့ဒေါင်း ချလာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရှိ သတင်းရင်းမြစ်တချို့ထံမှ ခန့်မှန်းသုံးသပ်မှုများ ရှိနေသည်။ အာဏာသိမ်းပြီးချိန်မှစတင်ကာ ဝန်ကြီးဌာနအသီးသီးသည် စစ်တပ်လက်အောက် ကျရောက်သွားသည်ဖြစ်ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်ပိုးတွေ့ လူနာစာရင်းသည်လည်း အလားတူပင်။ 

ထို့ကြောင့် စစ်ကောင်စီသည် ယခု ရက်ပိုင်းများအတွင်း ကိုဗစ်ပိုးတွေ့ လူနာစာရင်းကို တိုးချဲ့ထုတ်ပြန်လာ၏။ အမှန်တကယ် ကိုဗစ် ပိုးတွေ့ လူနာမြင့်တက်လာခြင်း ရှိမရှိကို မည်သူကမျှ မသိနိုင်ပေ။ ကူးစက်ရောဂါဌာနတွင်  အခြားဆရာဝန်များကို ရွေ့ပြောင်းစေ၍ စစ်ကောင်စီက ၎င်းတို့၏ တပ်မိသားစုဝင် ဆရာဝန်များကိုသာ အစားထိုးခန့်ထားခြင်းများလည်း ရှိနေသည်။ စစ်ကောင်စီ လက်ထဲတွင် ကိုဗစ်ပိုးတွေ့လူနာစာရင်းသည် လိုသလို တိုးနိုင်သည့် စာရင်းတစ်ခုသာပင်။ မန္တလေး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လမ်းသွားလမ်းလာများကိုပင် တားကာ စစ်ကောင်စီတပ်ဖွဲ့က Mask များ ဖြန့်ဝေ၍ ကိုဗစ် ပရိုမိုးရှင်း ဆင်းနေကြခြင်းက ရွေးကောက်ပွဲကာလမတိုင်မီ ကိုဗစ်ကို ထွက်ပေါက်တစ်ခုအဖြစ် အသုံးချနိုင်သည်ဟူသော အယူအဆကို ခိုင်မာစေသည်။ 

ကိုဗစ်ကို အကြောင်းပြု၍ ဒေသများကို လော့ဒေါင်းချထားခြင်းဖြင့် PDF များ၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်မည်ဟုလည်း စစ်ကောင်စီက တွက်ဆထားဟန်တူ၏။ ပျူစောထီးအဖွဲ့  ဖွဲ့ခြင်းသည် ၎င်းတို့ မျှော်မှန်း အင်အား မရခဲ့သော်လည်း ကိုဗစ်အကြောင်းပြ၍ လော့ဒေါင်းချပါက အဝင်အထွက် ဂိတ်များကို ကြီးကြပ်ရာတွင် ‌ဒေသခံ ပရဟိတသမားများ ပိုမို ပူးပေါင်းပါဝင်လာမည်ဟုလည်း မှန်းဆထားပုံရသည်။ ထိုနည်းဖြင့် ဒေသအသီးသီးကို ထိန်းချုပ်၍ ဗြုန်းကနဲ ရွေးကောက်ပွဲ ကျင်းပကာ ထွက်ပေါက်ရှာခြင်းသည်သာ အငြင်သာဆုံးဖြစ်မည်ဟု စစ်ကောင်စီက တွက်ချက်ထားဟန်တူသည်။ 

၂၀၀၈ အခြေခံဥပဒေ ပေးထားချက်အရ အသက်ကုန်ဆုံးတော့မည် ဖြစ်သော စစ်ကောင်စီအတွက် အရေးပေါ်ထွက်ပေါက်လိုအပ်နေသည်မှာမူ ပစ္စက္ခ အရှိတရားဖြစ်၏။ မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီသည် မည်သည့် အကြောင်းတရားကို ထွက်ပေါက်အဖြစ် အသုံးချသွားမည်ကို စောင့်ကြည့်ကြရပေတော့မည်။ 

#စစ်ငြိမ်းနိုင် 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10