စစ်ကောင်စီရဲ့ မီးရထားတွေ ဝက်လက်ဘူတာသို့ ရောက်ရှိ

စစ်ကောင်စီရဲ့ မီးရထားတွေ ဝက်လက်ဘူတာသို့ ရောက်ရှိ

စစ်တပ်အင်အားနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ မီးရထားဟာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက်စောစော ပေါက်ကန်ဘူတာကနေ စတင်ထွက်ခွာခဲ့ပြီး မနက် ၉ နာရီခန့်မှာ ဝက်လက်ဘူတာကို ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

ဝက်လက်မီးရထားဘူတာမှာရောက်ရှိနေတဲ့ ရထားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က လက်နက်ခဲယမ်းတွေ တင်ဆောင်ကာ မန္တလေးကနေထွက်လာတဲ့ မီးရထားနဲ့ ပြင်ထိန်းရထား ၂ စီးဖြစ်ပြီး အဲဒီ မီးရထား ၂ စီးဟာ စက်တင်ဘာလ ၈ ရက်ကတည်းက ပေါက်ကန်ဘူတာကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

အလားတူ စက်တင်ဘာလ ၁၀ ရက်မှာလည်း မန္တလေးမြို့ကနေ တွဲဆိုင်း ၆ တွဲပါ ရထားတစင်းဟာ စစ်အင်အား ၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မန္တလေးဘူတာကြီးကနေထွက်လာပြီး စက်တင်ဘာလ ၁၁ ရက်မှာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကို ထပ်မံရောက်လာတယ်လို့ သိရပါတယ်။

ဒီရထားတွေကို လုံခြုံရေးပေးဖို့ စက်တင်ဘာလ ၅ ရက်ကတည်းက စစ်ကောင်စီးတပ်တွေဟာ မီးရထားလမ်းတလျှောက် စစ်အင်အားတွေ ဖြန့်ထားတယ်လို့ သိရပါတယ်။ 

ပေါက်ကန်ဘူတာရုံမှာ ရပ်ထားတဲ့ရထားတွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်တွေထဲက အင်အား ၂၀ ပါ စစ်ကြောင်းဟာ ပေါက်ကန်ဘူတာရဲ့ အရှေ့ဘက်က နေအိမ်တွေကို မီးရှို့သွားတာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ရထားလမ်းတွေ ပြုပြင်ပြီးတော့ ထွက်ခါနီးတော့ ရှေ့က ရေသောက်ကန်ဘူတာဘက် ရထားလမ်းဘေး တလျှောက်ကို အင်အား ၂၀ လောက်နဲ့ ပစ်ခတ်ခဲ့သေးတယ်။ လမ်းကြောင်းရှင်းတဲ့သဘောပေါ့" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ မနက်မှာတော့ ပေါက်ကန်ဘူတာကို အစောဆုံးရောက်ရှိနေတဲ့ မီးရထား ၂ စီးသာ ဝက်လက်ဘူတာကို ဆက်လက်ထွက်ခွာသွားတာဖြစ်ပြီး ကျန်မီးရထားတစီးဟာ ပေါက်ကန်ဘူတာမှာပဲ ရပ်ထားသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒီရထားတွေ ဖြတ်သန်းနေချိန်မှာ စစ်တပ်က ဖုန်းလိုင်းတချို့ကိုပါ ဖြတ်တောက်ထားတာကြောင့် အနီးနားကျေးရွာတွေမှာ ဖုန်းလိုင်းပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ KIA၊ PDFပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မီးရထားလမ်းနဲ့ ရေလမ်းတွေကိုအသုံးပြုကာ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတာပါ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ပေါက်ကန်ဘူတာ #မီးရထား #ရိက္ခာ #လက်နက်ခဲယမ်း #PDF #သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10