စစ်ကောင်စီရဲ့ မြို့ပေါ်က လူသားဒိုင်း

စစ်ကောင်စီရဲ့ မြို့ပေါ်က လူသားဒိုင်း

ပြည်သူ့ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးတဲ့အခါ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောင်းရဲ့ရှေ့ဆုံးမှာ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ သူတို့ မလိုအပ်တော့တဲ့အခါ သတ်ဖြတ်တာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းလို ဒေသတွေမှာ နေ့စဉ်လိုလို ကြားသိနေရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ပေါ်လိုနေရာတွေက စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးဂိတ်တွေမှာ အရပ်သားပြည်သူတွေကို ဈေးရောင်းခိုင်းတာ၊ ဈေးသည်တွေကို သူတို့ရဲ့ဂိတ်တွေမှာ လာရောက်ဈေးရောင်းကြဖို့ ငွေကြေးပေးပြီး ခိုင်းစေတာစတဲ့ နည်းလမ်းတွေကိုသုံးပြီး မြို့ပေါ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလာကြပါတယ်။

မြန်မာစစ်တပ်မှာ ဗိုလ်ကြီးရာထူးနဲ့တာဝန်ထမ်းဆောင်းခဲ့ပြီး ၂၀၂၂ မှာ CDM လုပ်ခဲ့တဲ့ အရာရှိတဦးကတော့ စစ်ကောင်စီတပ်ဟာ အရင်ကတည်းက ဒီလိုနည်းလမ်းတွေကို အသုံးပြုတာတွေရှိပြီး အခုလို အခြေအနေဆိုးရွားနေတဲ့ ကာလမှာ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ဈေးသည်တင်မဟုတ်ဘူး။ ဈေးဆိုင်တွေပါ ဖွင့်ခိုင်းတာမျိုးတွေရှိတယ်။ လာဖွင့်ခိုင်းတယ်။ အကာအကွယ်ယူတာပေါ့” လို့ သူက မှတ်ချက်ပြုပါတယ်။

ဒီလိုလုပ်တာဟာ စစ်ကောင်စီက သူတို့ရဲ့နေရာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာမျိုးလို အသွင်ယူတာဖြစ်ပြီး တကယ်လာတိုက်လို့ အရပ်သားတွေထိသွားပြီဆိုရင်လည်း အရပ်သားတွေကိုပစ်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ မှတ်တမ်းတွေရဖို့ လုပ်ထားတာလို့ CDM ဗိုလ်ကြီးတဦးက ရှင်းပြပါတယ်။

“လာပစ်တဲ့သူကလည်း ပစ်တဲ့အခါ ဈေးသည်တွေကို ထိသွားနိုင်တယ်ပေါ့ဗျာ။ အဲဒီလိုဆို သူတို့က စစ်ရာဇဝတ်မှုဆိုတဲ့ စကားကို သူတို့ခေါင်းဆောင် ဇော်မင်းထွန်းက အဲလိုပြောချင်တာပေါ့။ အဲဒီလိုချပြချင်လို့လည်း အခုနောက်ပိုင်း အဲဒီအစီအစဉ်တွေကို သွားနေတာ။ အခုနောက်ပိုင်းမှာ အဲဒါမျိုးတွေက ဖြစ်လာဦးမှာပဲ” လို့ သူက ထပ်ရှင်းပြပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက နန့်စီးအောင်ဂိတ်မှာဆိုရင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံဈေးသည်တွေကို ပိုက်ဆံပေးပြီး သူတို့တာဝန်ကျတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပုံမှန်ဈေးလာရောင်းဖို့ ဆွဲဆောင်တာမျိုးတွေအထိ လုပ်လာကြတယ်လို့ အဲဒီဂိတ်မှာ ဈေးရောင်းနေတဲ့ ဈေးသည်တဦးက ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ စစ်ဆေးရေး အကြမ်းဆုံးနဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကိုခံရတဲ့ နာမည်ကြီး စစ်ဆေးရေးဂိတ်လည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အန္တရာယ်များပေမယ့်လည်း ဒေသခံတွေဟာ မိသားစုဝမ်းရေးအတွက် အင်းတော်မြို့ကနေ ၂၇ မိုင်ဝေးတဲ့ နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ သွားပြီး ဈေးရောင်းရတယ်လို့ အင်းတော်မြို့ခံတဦးက ဆိုပါတယ်။

အဲဒီဈေးသည်တွေဟာ အရင်က မီးရထားဘူတာတွေမှာ ဈေးရောင်းခဲ့ကြသူတွေဖြစ်ပြီး လက်ရှိအခြေအနေမှာ ရထားလမ်းတွေပိတ်၊ ဘူတာတွေပိတ်ထားတဲ့အတွက် ခရီးသွားဧည့်သည်တွေရှိတဲ့နေရာအထိ သွားရောင်းရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဈေးရောင်းတာတမျိုးပဲ လုပ်လာကြတဲ့သူတွေကျတော့လည်း စစ်ကောင်စီဂိတ်တွေမှာ ဈေးသွားရောင်းကြတယ်။ အန္တရာယ်တော့များတယ်။ ဂိတ်ဆိုတော့ ကိုယ့်ဘက်က လူတွေ သွားပစ်ရင်လည်း ကြားကထိဦးမယ်။ ဟိုဘက်က ပြန်ပစ်ရင်လည်း သူတို့အရင်ပစ်ခံရမှာ။ ဝမ်းရေးဆိုတော့လည်း ဒီလိုပဲ လုပ်နေကြတာပါ” လို့ အင်းတော်မြို့ခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ဂိတ်ဖြစ်တဲ့ နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ လာရောက်ဈေးရောင်းတဲ့သူတွေကို စစ်ကောင်စီတပ်မှ အရာရှိတွေက ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ မုန့်ဖိုးပေးကာ ဈေးရောင်းခိုင်းပါတယ်။ ဈေးသည်တွေကို လူသားဒိုင်းသဘောမျိုးနဲ့ ဈေးရောင်းခိုင်းတယ်ဆိုတာသိပေမယ့်လည်း မိသားစုစားဝတ်နေရေး အဆင်ပြေတဲ့အတွက် လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီလ ပထမပတ်မှာ ရန်ကုန်ကနေ မြဝတီကို လိုင်းကားစီးလာခဲ့သူတဦးကလည်း ကားလမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးယူထားတဲ့ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘန်ကာတွေထဲမှာ အကာအကွယ်နဲ့နေကြတဲ့အပြင် ဘန်ကာရှေ့တွေမှာ ဈေးသည်တွေကို ဈေးရောင်းခိုင်းတာမျိုးတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်တောင်းတံတားအကျော် မုပ္ပလင်အဝင်နားက လုံခြုံရေးဂိတ်မှာဆိုရင် ဈေးသည်က အပြည့်ပဲ။ ဈေးဗန်းလေးတွေ ခေါင်းပေါ်မှာ ရွတ်ထားကြတယ်။ ကလေးတွေ၊ မိန်းကလေးတွေလည်း ပါတယ်။ အရင်တုန်းက ဒီဈေးသည်တွေဟာ စားသောက်ဆိုင် အရှေ့၊ ဒါမှမဟုတ် စားသောက်ဆိုင် အနီးဝန်းကျင်တွေမှာပဲ ဈေးရောင်းကြတာ။ အဲဒီအနားမှာ စားသောက်ဆိုင်ရှိပေမယ့် ဈေးသည်တွေက ဘာလို့အဲဒီစစ်ဆေးရေးဂိတ်မှာ ဈေးရောင်းကြလည်းတော့ မသိဘူး” လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးတဦးက သူကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တုန်းကလည်း ဈေးသည်တွေ၊ အရပ်သားတွေကို မသိမသာစည်းရုံးပြီး သူတို့နေထိုင်ရာ၊ တာဝန်ကျရာနေရာတွေမှာ ဈေးဆိုင်တွေ ဖွင့်ခိုင်းတာမျိုးရှိတယ်လို့ ဆိုပါတယ်။

“ငါတို့စစ်သားတွေချည်းပဲဆိုရင် ငါတို့ဘယ်တော့လုပ်ခံရမလဲဆိုတဲ့ အတွေးရှိကြတယ်။ အဲလိုကြောင့်ပါ။ ပြီးတော့ သူတို့က နိုင်ငံတကာဥပဒေတွေကို လက်တလုံးကြား ဘယ်လိုလုပ်ရမလဲဆိုတာ သိကြတယ်။ သူတို့မှာ အမြဲတမ်း အဲဒီအိုင်ဒီယာ တော့ရှိတယ်” လို့ မြန်မာစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာမသိမ်းခင်ရော၊ အာဏာသိမ်းပြီး ကာလတွေမှာပါ စစ်ဆေးရေးဂိတ်မှာ တာဝန်ယူဖူးတဲ့ CDM ဗိုလ်ကြီးက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာဥပဒေတွေကို သူ့အကျိုးစီးပွားအတွက် လက်တလုံးကြား အသုံးချနေတာကိုလည်း သူကအခုလို ဆက်ပြောပါတယ်။

“စစ်ကောင်စီက ဥပဒေတွေကို သိတယ်။ နိုင်ငံတကာ စည်းကမ်းတွေကို သတိထားတယ်။ သူတို့လုပ်ရပ်တွေ ဘယ်လိုဖြစ်နေလဲဆိုတာ သိတယ်။ အဲဒီမှာ သူတို့က ပုံပြန်ဖျက်ချင်တာပေါ့။ ဥပမာ ဒီကတော်လှန်ရေးအဖွဲ့တွေက သွားတိုက်မယ် ဘာညာဆိုရင် အရပ်သားတွေရှိတယ်။ အရပ်သားတွေကို ပစ်သွားတယ်။ အဲလိုပုံစံမျိုးပေါ့။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ဟာတွေကို ထည့်သွင်းထားတာပေါ့” လို့ သူက ဆက်ရှင်းပြပါတယ်။

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်သည်တော်ကျင့်ဝတ်ကဒ်ပြားကို စစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတိုင်း ကိုယ်နဲ့ မကွာဆောင်ခိုင်းထားပေမယ့် အခုလိုပြည်သူကို ဓားစာခံလုပ်နေတဲ့ သူတို့ရဲ့နည်းနာတွေဟာ တကယ့်တရားဥပဒေရှုထောင့်က ကြည့်ရင် “စောက်ကျင့် ယုတ်တာ” လို့ CDM ဗိုလ်ကြီးက ရှုတ်ချပါတယ်။

ကော့ကရိတ်နဲ့သင်္ဃန်းညီနောင်ကြား ဒေါနတောင်တန်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေလို့ တော်လှန်ရေးလက်နက် ကိုင်အင်အားစုတွေက ခရီးသည်ကားတွေဖြတ်သန်းသွားလာတာမျိုးမလုပ်ဖို့ ထုတ်ပြန်ချက်တွေထုတ်ပြီး သတိပေးထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေကတော့ တားဆီးပိတ်ပင်တာမျိုးမလုပ်ဘဲ ဖြတ်သန်းသွားလာခွင့်ပေးထားတယ်လို့ ဧပြီလ ပထမပတ်က မြဝတီမြို့ကိုအလည်လာတဲ့ ဧည့်သည်တဦးက ဆိုပါတယ်။

“(ဒေါန)တောင်ပေါ်က ဖြတ်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်လို့ဆိုပြီး နှစ်ခါပြန်လှည့်ရတယ်။ တောင်ခြေနားက BGF တယောက်ကိုမေးကြည့်တော့ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ သွားလို့ရတယ်ပြောလို့ တောင်ပေါ်ပြန်တက်လာတာ။ တောင်ပေါ်ရောက်တော့ တိုက်ပွဲဖြစ်တဲ့နေရာမှာ (ကားလမ်းဘေးမှာ) BGF တွေ ဝပ်နေတာတွေ့ရတယ်။ သူတို့ရဲ့သဘောက ကားတန်းကြီးကို အကာအကွယ်ယူပြီး ပြန်ပစ်နေတဲ့သဘောမျိုးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

မတ်လ နောက်ဆုံးပတ်မှစတင်ကာ ကော့ကရိတ်-မြဝတီအာရှလမ်းကြီးတလျှောက်မှာ လက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားက ခရီးသည်ကား၊ ကုန်ကား တွေ ဖြတ်သန်းသွားလာခြင်းတွေ လုပ်ခဲ့တာကြောင့် ခရီးသည်တဦး သေနတ်ထိမှန်သေဆုံးခဲ့သလို ကုန်တင်ကားတချို့ မီးလောင်ပျက်စီးခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

“ဆီဘောက်ဆာကားတွေ မီးလောင်နေတဲ့ဟာမျိုးဆိုရင် သူတို့တွေ ဒီလိုတွေလုပ်နေတဲ့အတွက် သူတို့က(စကစ) တည်ငြိမ်အေးချမ်းရေးအတွက် လုပ်နေရတယ်။ ပြောရရင် သူတို့လုပ်ရပ်မှန်ကန်တယ်ဆိုတဲ့ဟာကို ချပြချင်တာပဲ။ သူတို့က အသက်တချောင်းကို တန်ဖိုးထားတာမဟုတ်တော့ ဖြစ်သွားတဲ့အခါကျရင် ငါတို့အတွက် ဆိုက်ဝါးလုပ်ဖို့ အချက်အလက် တခုရတယ် အဆင်ပြေတယ်။ အဲတော့ ကားသမားတွေတိုက်ပွဲကြားမှ သေတယ်။ သူတို့က အဲဒါမျိုးကို လိုချင်တာ” လို့ စစ်ကောင်စီရဲ့ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းတွေကို CDM ဗိုလ်ကြီးက ရှင်းပြပါတယ်။

ဒီလိုတွေလုပ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ယုံကြည်မှုတွေ အားနည်းလာအောင်၊ အထင်အမြင်လွှဲမှားသွားအောင် စည်းရုံးရေးလုပ်တဲ့သဘောမျိုးနဲ့ အခုလိုနည်းနာတွေကို အသုံးပြုလာတာဖြစ်တယ်လို့ သူကဆက်ရှင်းပြပါတယ်။

ဒါကြောင့်လည်း ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းကာ ဧပြီလ ၇ ရက်မှာ အောက်ပါ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၅ ရက်မှစ၍ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးတွေများနေတဲ့အတွက် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှ တဆင့် အရပ်သားပြည်သူတွေရဲ့ကားတွေကိုသုံးကာ စစ်ကောင်စီဟာ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို သယ်ယူပို့ဆောင်နေကြောင်း၊ ဒါကြောင့် အရပ်သားပြည်သူလူထုအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ လုံးဝ(လုံးဝ) ဖြတ်သန်းသွားခြင်းမပြုကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် မဟာသင်္ကြန်တွင်လည်း ပြည်သူတွေအနေနဲ့ သင်္ကြန်ကို သပိတ်မှောက်ကြဖို့၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝေးဝေးနေပေးကြဖို့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက သတိပေးထုတ်ပြန်ချက်တွေ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းအနောက်ဘက်မှာ လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Myanmar Revolution Force (Nattalin)/ MRF-Nattalin ဆိုရင် စစ်ကောင်စီတပ်သားတွေ စောင့်ဆိုင်းနေတဲ့ ဂိတ်တွေ၊ စခန်းတွေကို သွားရောက်တိုက်ခိုက်တဲ့အခါ အရပ်သားပြည်သူတွေ မထိခိုက်ရေးဟာ ပထမဦးစားပေးဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ကျဆုံးထိခိုက်ရေးဟာ ဒုတိယဦးစားပေးဖြစ်တယ်လို့ MRF-Nattalin တပ်ဖွဲ့မှ ခေါင်းဆောင်ဗိုလ်နေက ဆိုပါတယ်။

“ကျနော်တို့အဖွဲ့ ၂ ခါလောက် ကြုံဖူးတယ်။ ပထမတခုက စကစတပ်စွဲထားတဲ့ ဂိတ်စခန်းတခုကို စစ်ဆင်ရေးတခု အနေနဲ့ သွားတိုက်တဲ့အခါ ပြည်သူတွေ အရမ်းကပ်နေလို့ နေ့ဘက်အစီစဉ်ကိုဖျက်ပြီး ညဘက်အစီအစဉ်ပြောင်းပြီး တိုက်ခိုက်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။

မိမိတို့နယ်မြေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါ မိုင်းကွင်းထဲရောက်နေပေမယ့် ပြည်သူတွေ ဝင်လာတဲ့အတွက် “စကစမှန်း သိပေမယ့်၊ မိုင်းဆွဲလို့ရပေမယ့် ဒွိဟစိတ်နဲ့ လွှတ်ပေးလိုက်ရတာတွေရှိတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

အခုလိုအချိန်ကာလတွေမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးဂိတ်၊ သူတို့ရဲ့ စစ်ကြောင်းတွေ သွားလာကြတဲ့နေရာတွေနဲ့ ဝေးဝေးနေပေးကြဖို့ကို MRF-Nattalin တပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်နေက အခုလို အမှာစကားဆိုပါတယ်။

“ဒါကြောင့် ပြည်သူတွေအနေနဲ့ သတင်းတွေကို အမြဲကြည့်ပါ။ စကစတွေရဲ့ အနီးနားနေထိုင်ခြင်းတွေ မလုပ်ဖို့၊ ပူးတွဲသွား လာခြင်းတွေ မလုပ်ဖို့၊ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာ ခြင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။”

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10