စစ်ကောင်စီရဲ့ သင်္ဘော ၉ စီး ဗန်းမော်မှ မန္တလေးဘက်ကို ဒီနေ့မှာ ပြန်စုန်ဆင်းလာ

စစ်ကောင်စီရဲ့ သင်္ဘော ၉ စီး ဗန်းမော်မှ မန္တလေးဘက်ကို ဒီနေ့မှာ ပြန်စုန်ဆင်းလာ

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်သင်္ဘော ၉ စီးဟာ ဒီနေ့မနက်မှာ ဗန်းမော်မြို့ကနေ မန္တလေးမြို့ကို ပြန်စုန်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့သြဂုတ် ၂၅ ရက် မနက် ၅ နာရီလောက်မှာ ဗန်းမော်မြို့အနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စုန်ဆင်းလာတာလို့ဒေသခံတဦးက ပြောပါတယ်။

"အထိခိုက်သတင်းတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ ဗန်းမော်မြို့ဘေးက ရွာတွေကိုတော့ သူတို့ရောက်ကတည်းက မီးရှို့တာတွေ လက်နက်ကြီးတွေနဲ့ပစ်တာတွေလုပ်လို့ ဒေသခံတွေ အခုထိ ရွာထဲမဝင်ရသေးဘူး။ အိမ်တွေလည်း အပျက်အစီးများတယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီသင်္ဘောတွေ စုန်ဆင်းလာတဲ့သတင်းကြောင့် ရွှေကူမြို့နယ်ထဲက မြစ်ကမ်းအနီးနေထိုင်ကြတဲ့ ဒေသခံတွေဟာ ဘေးကင်းရာကို ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘောတွေဟာ သြဂုတ် ၁၇ ရက်မှာ ဗန်းမော်မြို့သို့ရောက်ခဲ့ပြီး သင်္ဘောတွေ ရောက်ရှိချိန်မှာ ကောင်းတုံကျေးရွာ၊ မြလယ်ကျေးရွာနဲ့ ဇင်းပုံကျေးရွာမှ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေအပါအဝင် ရိက္ခာတွေသယ်ဆောင်လာတဲ့ သင်္ဘော ၉ စီးဟာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ မန္တလေးကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့တာဖြစ်ပါတယ်။ 

လမ်းတလျှောက်မှာ သင်္ဘောတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေလုပ်ခဲ့သလို မြစ်ကြောင်းတလျှောက်လုံခြုံရေးပေးတဲ့ စစ်အုပ်စုကလည်း ဒေသခံတွေကို သတ်ဖြတ်တာတွေလုပ်ခဲ့လို့ ကသာမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့မှာ ကလေးငယ်တဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

ပုံ - စစ်ကောင်စီ၏ ရိက္ခာတင် သင်္ဘောများ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ဗန်းမော်မြို့ #စစ်ကောင်စီ #ရိက္ခာတင်သင်္ဘော  #စစ်သင်္ဘော #ကသာ #ထီးချိုင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10