စစ်ကောင်စီရဲ့ အဓိကစစ်စခန်းတွေရှိတဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်မယ်လို့ SAF ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အဓိကစစ်စခန်းတွေရှိတဲ့ မြေလတ်ဒေသနဲ့ အညာဒေသမှာ အရှိန်အဟုန်မြင့်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်-SAF က ဇန်နဝါရီ ၁ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဆီက လေ့လာသင်ယူထားတဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေးနဲ့ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံတွေကို အသုံးချပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာပြည်အလယ်ပိုင်းမှာ ရန်သူ့ရဲ့ အဓိကစစ်စခန်းကြီးတွေရှိတယ်၊ ကပစတွေရှိတယ်ဆိုတော့ အဲ့လိုမျိုး ရန်သူ့ရဲ့ အဓိကရေသောက်မြစ်နေရာတွေကို ကျနော်တို့ SAF အနေနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ကို ဆောင်ရွက်မယ်ဆိုတဲ့ဟာကို ဆိုလိုတာပါ။ ဆိုတော့ ကျနော်တို့ ထိုးဖောက်ဝင်ရောက်မှုကို လက်ရှိအတိုင်းအတာကတော့ အဲ့ဘက်ဒေသတွေမှာ ပြောက်ကျားစစ်ဆင်ရေးတွေကို အတိုင်းအတာတရပ်ထိ ဖော်ဆောင်ထားနိုင်ပြီ ဖြစ်တယ်။ အခုလက်ရှိ လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ဒီထက်ပိုပြီးတော့ မဟာဗျူဟာမြောက်တဲ့ တိုက်ပွဲတွေ တိုက်နိုင်ဖို့ ကျနော်တို့ ရည်မှန်းထားတယ်။”လို့ SAF ရဲ့ စစ်ဦးစီး ကိုမင်းလတ်ဥက္ကာက ပြောပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်-SAF တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ်မှာအခြေစ်ိုက်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ပြောက်ကျားစစ်နဲ့ လှုပ်ရှားစစ်တွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ စစ်ဆင်ရေးတွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာဖို့ လိုအပ်ပြီး နိုင်ငံရေးနဲ့ စစ်ရေးအရ ညှိနှိုင်းဆွေးနွေးကာ အကောင်အထည်ဖော်ရမယ့် အရေးကြီးတဲ့ နှစ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာပြည် အလယ်ပိုင်းကို ထိုးဖောက်နိုင်တာနဲ့ တပြိုင်နက် စစ်ကောင်စီရဲ့ စစ်စခန်းကြီးတွေ၊ ကပစတွေကို ခြိမ်းခြောက်နိုင်မှာ ဖြစ်တာကြောင့် ပြည်သူတွေအတွက် သတင်းကောင်းတွေ ယူဆောင်ပေးနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်-SAF တပ်ဖွဲ့ရဲ့ စစ်ဦးစီးက မြေလတ်အသံကို ပြောပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာဖို့၊ စစ် ၃ စစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့၊ နိုင်ငံတော်သစ်တရပ် ထူထောင်နိုင်ဖို့ ပြည်သူလူထုနဲ့အတူ တော်လှန်စစ် ပြီးဆုံးတဲဲ့အထိ လက်နက်ဆွဲကိုင် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ကျောင်းသားလက်ရုံးတပ်တော် #အညာ #မြေလတ်ဒေသ #ထိုးစစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10