စစ်ကောင်စီလက်အောက်ခံ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ကြီးနဲ့တပ်သားတဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကောင်စီလက်အောက်ခံ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ကြီးနဲ့တပ်သားတဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းရွာနားက တောင်ငူ-လိပ်သိုကားလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ People Defence Force - Thandaungအဖွဲ့ တာဝန်ခံကတဆင့် သိရပါတယ်။

 

ဇူလိုင် ၄ ရက် နေ့လယ် ၁၂နာရီခွဲမှာ ပျားစခန်းရွာကနေ ကားနဲ့ထွက်လာတယ်လို့ သတင်းကြားရတဲ့အတွက် ပဲခူးနဲ့ကရင်နယ်စပ် ကားလမ်းပိုင်းမှာ ကြိုတင်နေရာယူကာ ပစ်ခတ်ဖမ်းဆီးပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

 

“သံတောင်က ကျွန်းသစ်တွေလည်း တော်တော်များများပြုန်းနေပြီလေ၊ ဒီကောင်တွေက သူတို့ကိုယ်ကျိုးအတွက် လုပ်စားနေတာ၊ အများပြည်သူ ပြောတာလည်း များနေပြီမို့ ရှင်းလင်းရခြင်းပါ။ သူတို့က ငြိမ်းချမ်းရေးယူပြီး စကစနဲ့ ပြန်ပူးပေါင်းလက်တွဲတဲ့အဖွဲ့ပေါ့။ စကစပေးတဲ့ လစာယူတယ်၊ စကစကျွေးတာ သူတို့စားတယ်”လို့ PDF-Thandaungတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

 

ပစ်ခတ်ရှင်းလင်းခံရလို့ ငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ကြီး စောခင်မောင်လွင် အသက် ၅၉နှစ်၊ တပ်ဖွဲ့ဝင်အမှတ် ငတဖ/၀၁၉ နဲ့ ဘိုဗရာ အသက် ၄ဝ နှစ်တို့ ၂ဦး သေဆုံးခဲ့ပြီး သူတို့စီးနင်းလာတဲ့ကားကိုလည်း မီး ရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

တိုက်ခိုက်မှုအတွင်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ M1 ကာဘိုင်တလက်နဲ့ ကျည် ၁၀ တောင့် ၊ စစ်ကောင်စီတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) စစ်ဘက်ရေးရာလုံခြုံရေးဌာနက ထုတ်ပေးထားတဲ့ သံတောင် အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင်စိစစ်ရေးကတ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

 

 

အဆိုပါ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ တောင်ငူ-သံတောင်ကားလမ်းပိုင်းက ကျွန်းသစ်တွေကို ကိုယ်ကျိုးအတွက် ခုတ်ယူရောင်းစားနေကြတာဖြစ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာလည်း စစ်တပ်နဲ့ပူးပေါင်းစစ်ဆေးတာတွေ ဆက်ကြေးကောက်တာတွေလုပ်နေကြတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်ကလည်း  တောင်ငူကနေ သံတောင်ကြီးကို မောင်းနှင်လာတဲ့ ကား ၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ကျော်သေဆုံးကာ ကားတစီးလည်း ထိမှန်ပျက်စီးပြီး မိုးဆွဲတဲ့နေရာမှာတင် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်ကောင်စီ #ငြိမ်းချမ်းရေးအဖွဲ့ #ရှင်းလင်းမှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10