စစ်ကောင်စီသင်္ဘော ပစ်ခံရပြီး စစ်သား ၂ ဦးသေ၊ လက်နက်ကြီးနဲ့ပြန်ပစ်လို့ နေအိမ်ပျက်စီးမှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အပိုင် ချင်းတွင်းမြစ်တနေရာမှာ စစ်ကောင်စီသင်္ဘော ၂ စီးကို စက်တင်ဘာလ ၂၅ ရက် မနက် ၁၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ - KLG PDF  ဆီက သိရပါတယ်။

"ကျနော်တို့က ၃ ပွိုင့် ခွဲပြီး တိုက်ခိုက်တာ၊ အဓိက စနိုက်ဘာနဲ့ပစ်တာ။ သင်္ဘောပေါ်မှာ စက်လက် ထိုင်ပစ်နေတဲ့ ၂ ကောင်သေတာ။ သင်္ဘောက ကျနော်တို့နဲ့ နီးနီးလေးမို့ သေတာကိုမျက်မြင်တွေ့ခဲ့တာ"လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊ ၂၂၊ ၂၃) KLG PDF တပ်မဟာမှ ပြန်ကြားရေးတာဝန်ခံ AT က ပြောပါတယ်။ 

တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် မြစ်ကမ်းနံဘေးရှိ ငါးဖျက်ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၁ လုံး၊ မုဋ္ဌောကျေးရွာက နေအိမ် ၁ လုံးတို့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အမျိုးသမီး ၁ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစစ်ကောင်စီသင်္ဘော ၂ စီးမှာ မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာကနေ မုံရွာမြို့၊ မင်းဒေါင့် ဆိပ်ကမ်းဘက်ကို ထွက်ခွာလာခဲ့ကာ ကနီမြို့နယ်အရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်ဒီကနေ့အထိ မင်းဒေါင့်ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမယပင်ခရိုင် တပ်ရင်း(၂၁၊ ၂၂၊ ၂၃) KLG PDF၊ ကနီ-ယင်းမာပင်-ဆားလင်းကြီး-ပုလဲ တပ်မဟာအဖွဲ့နဲ့ နယ်မြေခံ ပကဖတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်မှာလည်း ကနီမြို့နယ်အပိုင် ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီသင်္ဘော ၁၃ စီးကို အထက်ပါ PDF အဖွဲ့တွေက ၃ နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #ချင်းတွင်းမြစ် #စစ်သင်္ဘော #ပစ်ခတ်ခံရ #စစ်ကောင်စီ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10