သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ စစ်ကောင်စီလက်အောက်သစ်တောဝန်ထမ်းတွေ လိုက်ပါလာတဲ့ကားက ခရီးသည်တင်ကားကိုဝင်တိုက်လို့ ၂ ဦးမှာ ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၂၅ ရက် မနေ့မနက် ၄ နာရီခန့်မှာ အမြန်လမ်းမိုင်တိုင်အမှတ် ၈၅/၁ အနီး ကားဘီးပေါက်လို့ ရပ်ထားတဲ့ခရီးသည်တင်ယာဉ်ကို သစ်တောဝန်ထမ်းတွေလိုက်ပါလာပြီး ရန်ကုန်ကနေ နေပြည်တော်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ Toyota Hilux Revo အမျိုးအစားအဖြူရောင်ယာဉ်က ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။
" သစ်တောယာဉ်မောင်းက အိပ်ငိုက်ပြီးတော့ ရပ်ထားတဲ့ခရီးသည်တင်ယာဉ်ကို နောက်ကနေ ဝင်တိုက်တာ။ သစ်တောဝန်ထမ်းက ၄ ယောက်ပါတာ။ ၂ ယောက်က စိုးရိမ်ရတယ်။"လို့ အခင်းဖြစ်နေရာကိုရောက်ရှိခဲ့တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် စစ်ကောင်စီလက်အောက် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်သစ်တောဦးစီးဌာနခရိုင်မှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးမင်းနိုင်၊ တောခေါင်း ကိုစိုင်းလင်းကျော်တို့မှာ ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး ကျန်သစ်တောဝန်ထမ်း ၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ဒေသခံတွေက မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဆေးကုသမှုခံယူနေကြရပါတယ်။
မတ် ၁၆ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ လူမှုကူညီရေးအသင်းယာဉ်တိမ်းမှောက်လို့ လူနာနဲ့လူနာရှင် ၂ ဦး၊ လူမှုကူညီရေးအသင်းဝင် ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ကျောက်တံခါး #အမြန်လမ်း #ယာဉ်တိုက်မှု #သစ်တောခရိုင်မှူး #တောခေါင်း
Share Share Share