စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ ပြည်မြို့မှာ အုပ်ချုပ်ရေးမှူးတွေနဲ့စစ်သားတွေ ပစ်ခတ်ခံရမှု ဆက်တိုက်ဖြစ်ပွား

စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ ပြည်မြို့မှာ အုပ်ချုပ်ရေးမှူးတွေနဲ့စစ်သားတွေ ပစ်ခတ်ခံရမှု ဆက်တိုက်ဖြစ်ပွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ သင်္ကြန်အခါရက်အပြီး အုပ်ချုပ်ရေးမှူး ၂ ဦးပစ်ခတ်ရှင်းလင်းခံရတာနဲ့ လုံခြုံရေးချထားတဲ့ စစ်တပ်ကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က ပြည်မြို့၊ ဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးအာဘီ ဆိုသူဟာ လမ်းရှည်လမ်းမှာ သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံရပေမယ့် ထိမှန်တာမရှိလို့ သေဆုံးတာတော့ မဖြစ်ခဲ့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

"ပစ်တာတော့ အနီးကပ်ပစ်တာ။ ပစ်တဲ့သူတွေ ဘာဖြစ်တာလဲတော့မသိဘူး၊ တချက်ကမထိဘူး တချက်ကတော့ ကျည်မထွက်ဘူးလို့ သိရတယ်။" လို့ မြို့ခံအမျိုးသားတဦး ကပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်ကလည်း ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဂိတ်စခန်းတို့ကို ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာက စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

"အထကကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ပစ်တာ။ ပစ်ခတ်သံ ဆယ်ချက်လောက်ကြားရတယ်။ ဒီဘက်နယ်မှာ တခါမှ အဲလိုပစ်ခတ်တာမရှိဖူးဘူး။ ဒီဘက်မှာတော့ စစ်ကောင်စီက အပြည့်အဝကို ထိန်းချုပ်ထားတာပဲ။" လို့ ဒေသခံတဦးကပြောပါတယ်။

အလားတူ ယမန်နေ့ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ပြည်မြို့နယ်၊ ဇီးအုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကို ထန်းပေါက်တာဘောင်၊ ဖောင်တင်ကျေးရွာအနီးမှာ သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"အခုလောလောဆယ် စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ထွေအုပ်စာရေးတွေ မိမိအသိနဲ့ ပြည်သူ့မေတ္တာခံယူဖို့ တိုက်တွန်းပါတယ်။ ကျန်တာကတော့ ကျနော်တို့လုပ်စရာရှိတာ ပြတ်ပြတ်သားသားဆောင်ရွက်သွားမှာဖြစ်တယ်။" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောထားပါတယ်။

ပစ်ခတ်ရှင်းလင်းဖြစ်စဉ်တွေမှာ စစ်ကောင်စီဟာ တုန့်ပြန်နိုင်တာမျိုးမရှိဘဲ ဒေသတွင်း အုပ်ချုပ်ရေးမှူးအချို့ကတော့ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ပြည်မှာကတော့ သင်္ကြန်တုန်းကလည်း စည်ပါတယ်။ ပွဲတော်တွေလည်းလုပ်တယ်။ မြို့ထဲမှာလည်း ပုံမှန်အစစ်ဆေးရှိတယ်။ စစ်သားစုဆောင်းတာလည်း ဘယ်သူမှဘာမှမပြောရဲကြဘူး။ အုပ်ချုပ်ရေးမှူးအကုန်နီးပါးကတော့ စစ်တပ်အလိုကျလုပ်ပေးနေကြတယ်။ ရပ်ကွက်တွေထဲလည်း ဗိုလ်ကျကြတယ်။ အခုလို ဆက်တိုက်ဖြစ်သွားတော့ သူတို့ လန့်နေမှာပေါ့" လို့ ပြည်မြို့ပေါ်ရပ်ကွက်က အမျိုးသမီးတဦးကပြောပါတယ်။

ပြည်မြို့နယ်ဟာ စစ်ကောင်စီတပ်တွေ ပတ်လည်ဝိုင်းထားတဲ့မြို့ဖြစ်သလို စစ်ကောင်စီကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီး တပ်ပိုင်းဆိုင်ရာ အကြီးပိုင်းတွေ မကြခဏလာရောက်တာ ပွဲတော်တွေကျင်းပတာတွေ ပြုလုပ်နိုင်တဲ့မြို့ ဖြစ်ပါတယ်။

#မြေလတ်အသံ

#ပြည် #စစ်တပ် #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10