စစ်ကောင်စီအဖွဲ့တွေက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းနေ

စစ်ကောင်စီအဖွဲ့တွေက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကွက်လူကြီးတွေပေါင်းကာ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

 

ဇွန်လ ဒုတိယပတ်ကစလို့ ဖမ်းဆီးငွေတောင်းတာတွေဟာ အကြိမ်အရေအတွက် ပိုများလာပြီး တညကို ၂ ယောက်နှုန်းနဲ့ ရှာဖွေခံနေရကာ ဖမ်းမယ့်သူကိုမတွေ့ရင် မိသားစုကို ဖမ်းဆီးထားပြီး အမျိုးသားတွေဆိုရင် ရိုက်နှက်တာတွေပါ လုပ်တယ်လို့ ဆိုပါတယ်။

 

“ဖမ်းမိတဲ့သူတွေကို ငွေညှစ်တယ်၊ ကျနော်တို့ကြားတာတော့ ရာဂဏန်းလောက်ထိကြားတယ်၊ အရပ်သားရော သူတို့ဖမ်းမိသမျှလူ အကုန်တောင်းတာ၊ ရှေ့တန်းမသွားချင်လို့ အမှုဆင်တာလို့လည်း ကြားတယ်၊ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမသိသလိုနဲ့ အိမ်တွေကို သူကိုယ်တိုင် လက်ညှိုးထိုးပြတာ” လို့ ပန်းတောင်း ဒေသခံတဦးက ပြောပါတယ်။

 

လိုက်လံဖမ်းဆီးချိန်မှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကလည်း စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုက်ပါလာပြီး စစ်ကား ၃ စီးနဲ့ လိုက်လံရှာဖွေနေတာဖြစ်သလို ဖမ်းလို့မမိရင် အမျိုးတော်စပ်သူတွေရဲ့ အိမ်တွေထိပါ ညတွင်းချင်း လိုက်ရှာတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

 

တပတ်အတွင်း CDM ဝန်ထမ်း ၅ ယောက်ထပ်မနည်း ရှာဖွေခံနေရပြီး ပြီးခဲ့တဲ့ ၃ ရက်ကလည်း ကျောင်းသူ ၂ ဦးဖမ်းဆီးခံထားရကာ ဖမ်းဆီးခံရသူတွေအနေနဲ့ ထောင်မကျချင်ရင် ပိုက်ဆံသိန်းဂဏန်းကနေ သိန်းရာဂဏန်းကြားပေးဖို့ ခြိမ်းခြောက်တောင်းဆိုတာတွေခံရတာကြောင့် အခက်ခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

 

အခုလိုဖမ်းဆီးတာတွေရှိနေလို့ CDM ဝန်ထမ်းတွေနဲ့ ဖမ်းဆီးခံနိုင်ချေများတဲ့ သူအချို့ကတော့ နေအိမ်တွေကနေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

 

ရှာဖွေခံရသူအများစုကို စစ်ကောင်စီက လူသတ်ရန်အားပေးမှု၊ CDM၊ ထောက်ပို့မှု၊ လက်နက်ကိုင်ဆောင်မှု၊ လက်နက်ရောင်းဝယ်မှု၊ လူသတ်မှု စတဲ့ပြစ်မှုတွေတပ်ကာ ရှာဖွေနေတာလို့ အထက်ပါဒေသခံက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကလည်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နေ CDM ကနေ Non-CDM ပြန်လုပ်တဲ့ ဆရာမတဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါသေးတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ 

#ပဲခူး #ပြည် #ပန်းတောင်း #CDM #စစ်ကောင်စီ #ဖမ်းဆီး #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10