စစ်ကောင်စီအဖွဲ့ ကျည်ပြတ်တောက်အောင် ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့သွားပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားစံပြကျေးရွာ ရှိန်းမကားရဲစခန်းအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့ ကျည်ကုန်အောင် ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီကျော်က  ရှိန်းမကားရဲစခန်းထဲမှာ အင်အား ၆၀ ဝန်းကျင်ရှိနေတဲ့အချိန် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မီတာ ၈၀၀ အကွာအဝေးကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"အခုလိုသွားပြီးပစ်ရတာက သူတို့က ကျည်အင်အားပေါတာကြောင့် ကျည်ကုန်အောင် သွားပစ်ကြတာ၊ ကျည်လမ်းကြော ပြတ်တောက်မှုတွေဖြစ်အောင် ရည်ရွယ်ပြီးတော့လုပ်တာ၊ သူတို့ကျည်တွေအားနည်းတဲ့ အချိန်ကြရင် စခန်းသိမ်းနိုင်အောင်အထိ ကြိုးစားမှာပါ၊ ကျနော်တို့က လက်နက်ကြီးတာဝေးပစ်တွေနဲ့ သူတို့စခန်းတည်နေရာကို ထုတယ်၊ ဂန်းငယ်နဲ့လည်း ပစ်တယ်၊ ၂ နာရီကျော်အကြာ ပစ်ခတ်ခဲ့တယ်၊ အဲ့ဒီစခန်းမှာက အင်အားက ၆၀ လောက်ပဲရှိတာ" လို့ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးတာတွေ မရှိနိုင်ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ ရှိနိုင်တယ်လို့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

ရှိန်းမကားရဲစခန်းကို ကာကွယ်ရေးအဖွဲ့‌တွေက မကြာခဏ သွားရောက်ပစ်ခတ်တာရှိနေပေမယ့် ဒီတခါ ပစ်ပစ်ခတ်မှုဟာ စခန်းသိမ်းနိုင်ဖို့အတွက် ရဲစခန်းအတွင်း ကျည်ပြတ်တောက်အောင် ရည်ရွယ်ပစ်ခတ်တာလို့ သိရပါတယ်။

ဒီ တိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး ၊‌ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် တိုက်နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပျူစောထီးနဲ့ တပ်မ ၃၃ စစ်ကြောင်းကို Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့က ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက်  #ရှိန်းမကားစံပြကျေးရွာ #ရှိန်းမကားရဲစခန်း #ပစ်ခတ်ခံရ #လက်နက်ကြီး  #စစ်အုပ်စု #PDF #မြေလတ်ရုပ်သံ  #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10