စစ်ကောင်စီအလိုကျ ဒုစရိုက်သမားများနဲ့ လောင်းကစားဝိုင်းများ တခေတ်ထချိန်

စစ်ကောင်စီအလိုကျ ဒုစရိုက်သမားများနဲ့ လောင်းကစားဝိုင်းများ တခေတ်ထချိန်

“ဒူးမဲကြီး…..ဒူးမဲကြီး……”။ “ကွေးကွေးလေးလား…ကွေးကွေးလေးလား……”။ ဂျုံးဂျုုံးကျဝိုင်းဆီက စူးစူးဝါးဝါး အော်ဟစ်နေသံတွေနဲ့ သစ်သားအံစာတုံးကို ကြိုးဆွဲချလိုက်သည့် ချလုံး…..ဂလုံး အသံတို့က ရွာထိပ်လယ်ကွင်းစပ်ကို ဖြတ်လို့ ရွာလမ်းမကပင် အတိုင်းသား ကြားနေရသည်။

လွန်ခဲ့သော ဆယ်စုနှစ်များဆီက မြို့ရွာကျေးလက်အနှံ့ ဘုရားပွဲများနှင့် အထိမ်းအမှတ်ပျော်ပွဲရွှင်များတွင် လောင်းကစားဝိုင်းများကို အကြီးအကျယ် ထည့်သွင်းကျင်းပခဲ့ကြသည်။ ကျားမသက်ကြီးရွယ်အို အရွယ်သုံးပါး အကြိုက်တွေ့ ကစားခဲ့ကြသလို ဘဝပျက်သူများနှင့် အသက်ပါ သေဆုံးခဲ့ရမှုများလည်း ရှိခဲ့သည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် လူမြင်ကွင်းများကနေ ပျောက်ကွယ်သွားခဲ့ပြီး မထင်မရှားနှင့် အခြားသော လောင်းကစားနည်းများဆီ ပြောင်းလဲသွားခဲ့သည်။ NLD အစိုးရတက်လာချိန်မှာတော့ မကြားရတော့သလောက် ဖြစ်သွားသည်။ ဒုစရိုက်သမားအများစု အွန်လိုင်းလောင်းကစားဂိမ်းများ၊ ကလေးကစားကွင်းဟန်ပြ ဂိမ်းစက်များ၊ ကေတီဗီ၊ မာဆပ် များ နှင့် တလုံး၊ နှစ်လုံး၊ သုံးလုံးများဖြင့် ငွေရှာနည်းများက ပုံစံတမျိုး ပြောင်းသွားခဲ့တော့သည်။

ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်သည်ခေတ်များတွင် လောင်းကစားများကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားခဲ့ပြီး နိုင်ငံရေးအသုံးချခံ၊ ငွေရှာရာနေရာ အဖြစ်သာ အသုံးချခဲ့ရာက လက်ရှိ စစ်အာဏာသိမ်းမှုအလွန် နွေဦးတော်လှန်ရေးကာလတွင်လည်း လောင်းကစားဝိုင်းများက တခေတ်ဆန်းလာခဲ့ပြန်ပါသည်။

လောင်ကစားဝိုင်းများနှင့် ဒုစရိုက်သမားလူမိုက်များလာရာ

ခေတ်အဆက်ဆက် လောင်းကစားဝိုင်းများကို ဒုစရိုက်သများနှင့် လူမိုက်များက ဦးဆောင်ပြုလုပ်ခဲ့ကြသည်ဟု ဆိုရမည်။ ထိုသူများက ယခင်နှစ်များစွာကတည်းက လောင်းကစားဝိုင်းများကို ဒိုင်အဖြစ်ကိုင်ခြင်း၊ ပွဲတခုလုံးကို ဦးဆောင်ကျင်းပခြင်း၊ ဖြစ်ပေါ်လာသော ပြသာနာအထွေထွေကို ဖြေရှင်းပေးခြင်း (ရဲကြေး၊ စစ်တပ်ကြေးနှင့် အခြား အဖိုးအခများကို ကောက်ယူစုဆောင်းခြင်း)တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

လူမိုက်ဒုစရိုက်သမားများမှာလည်း သူ့အပိုင်စားနယ်များနှင့် ရှိသလို အင်အားပါဝါကြီးသူများ အကိုကြီး ညီလေးများလည်း ရှိကြသည်။ အထူးသဖြင့် လက်ယဉ်တာဟု အများသိကြသည့် ရန်ဖြစ်ထိုးကျိတ် ဓါးထိုးလူသတ်မှုများစွာ ကျူးလွန်ထားသူ၊ ထောင်ထွက်လူမိုက်များက ခေါင်းဆောင်လုပ်ကြပြီး သူ့အောက်တွင် အခြားသော လူမိုက်ငယ်လေးများစွာကို မွေးမြူထားပြီး သူ့အာဏာပါဝါကို ထူထောင်ထားတတ်ကြသည်။

မြို့တမြို့၊ ရွာတရွာတွင် လောင်းကစားဝိုင်းလုပ်မည်ဆိုပါက အရင်ဆုံး ပြောရသည်မှာ လူမိုက်ခေါင်းဆောင်ကိုပဲ ဖြစ်သည်။ သူကတဆင့် တာဝန်ယူပေးပြီး အုပ်ချုပ်ရေးပိုင်းများကို ပေးရမည့် အခွန်အခများကို ကောက်ယူကြားခံ စုဆောင်းပေးတာနှင့် ဝိုင်းများအတွင်း ဖြစ်ပေါ်လာသည့် ပြသာနာအထွေထွေ (ရန်ဖြစ်၊ မကျေနပ်၊ လိမ်လည်မှုများ၊ ငွေမပေးနိုင်သူများ)ကို ဖြေရှင်းပေးသည်။ ရဲနှင့်အခြားသော အုပ်ချုပ်ရေးပိုင်းများက ဖြေရှင်းမရသည့်အရာများကိုလည်း လူမိုက်များက ဖြေရှင်းပေးရသည်များလည်း ရှိသည်။

လောင်းကစားနည်းများတွင် နေရာမရွေး လူအနည်းများဖြင့် ပြုလုပ်ရသည့်နည်းကတော့ ဖဲဝိုင်းများဖြစ်သည်။ ငွေကြေးချမ်းသာသူများနှင့် လူမိုက်ခေါင်းဆောင် နေအိမ်များတွင် ဖဲဝိုင်းများကို ပြုလုပ်လေ့ရှိပြီး လူမိုက်ကို ဆက်ကြေး (ခေါ်) ဘော်ဒါကြေးပေးကာ ဝိုင်းကိုထိန်းခိုင်းသလို ရဲမဖမ်းအောင်လည်း ကာကွယ်ပေးခိုင်းကြသည်။ 

အခြားနည်းများကတော့ လေးကောင်/ခြောင်ကောင် ဂျင်ဝိုင်း၊ ဂျုံးဂျုံးကျဝိုင်း၊ ကြက်ဝိုင်း တို့ပါဝင်ကြပြီး ပွဲတော်တခု လောင်းကစားဝိုင်းကြီးတခုတွင် လောင်းကစားဝိုင်းလေးများ အနည်းဆုံး ၅ ဝိုင်းမှ ၁၀ ဝိုင်းထိ ရှိကြပြီး ၁ ဝိုင်းကို ဒိုင် ၁ ဦးနှင့် လက်အောက်ငယ်သား အနည်းဆုံး ၅ ဦးပါရှိကာ အားလုံး လူမိုက်ဆန်ဆန် ဒုစရိုက်သမားများသာ ဖြစ်သည်။

လောင်းကစားဝိုင်းများကို ဝင်ရောက်ထိုးမိပါက နိုင်ဖို့မလွယ်သလို ငွေမကုန်မခြင်း ပြန်ရဖို့ကလည်း မလွယ်ပါ။ ဒိုင်ရဲ့လက်အောက်ငယ်သား ၂ ယောက်လောက်က ထိုးသားများအသွင်ယူကာ ထိုးပြနေတာ၊ နိုင်ပြနေတာတွေကို လုပ်ကာ လာရောက်စူးစမ်းသည့် အပြင်က ထိုးသားကို မြူဆွယ်တတ်သလို နိုင်နေချိန် ပြန်ထွက်မရအောင်လည်း နည်းမျိုးစုံသုံးကာ ထိန်းထားတတ်ကြသည်။ အခန့်မသင့်ပါက ဒိုင်ရဲ့လက်အောက်ငယ်သား တဦးတဦးက အနားကပ်ကာ လွယ်အိတ်ထဲက ဓါးမြှောင်ဖြင့် ခါးကိုထောက်ပြီး ထိုးသားပြန်ထွက်မသွားရန် ပြုလုပ်သည့် အဆင့်ထိရှိနိုင်ပါသည်။

ခေတ်အဆက်ဆက် လောင်းကစားဖြင့် ဘဝပျက် အသက်ဆုံးခဲ့ရသူများ

ခေတ်အဆက်ဆက် လောင်းကစားနည်းဖြင့် ချမ်းသာအဆင်ပြေသူများမှာ ဒုစရိုက်သမား လူမိုက်များနှင့် ငွေရှင် ခရိုနီများသာ ဖြစ်သည်။ ထိုးသားများနှင့် လောင်းကစားကို ကစားခဲ့သည့် ပြည်သူလူထုများစွာကတော့ အိုးပျက်၊ အိမ်ပျက်၊ ဘဝပျက်ပြီး အသက်ဆုံးရှုံးခဲ့ရသူများအထိ ရှိခဲ့သည်။

မြန်မာနိုင်ငံ လောင်းကစားဝိုင်းများတွင် ဓါးထိုးမှုဖြစ်စဉ်များ၊ အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုဖြစ်စဉ်များနှင့် စီးပွားပျက်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်စဉ်များစွာ မရည်မတွက်နိုင်အောင်ပင်များပြားခဲ့သည်။ 

ယခင်နှစ်များစွာ နယ်မြို့များနှင့် ကျေးလက်တောရွာများတွင် ဖဲ၊ လေးကောင်ဂျင်၊ နွားပွဲ၊ ကြက်ပွဲများတွင် ရွှေ၊ သီးနှံရောင်းချငွေ၊ ဆိုင်ကယ်၊ နွား၊ အိမ်ခြံများကို အပေါင်ထား ရောင်းချကစားခဲ့ပြီး အကုန်လုံး ဆုံးရှုံးခဲ့သူများစွာ ရှိသည်။

“ဟိုတုန်းက လောင်းကစားဝိုင်းတွေက ပွင့်လင်းရာသီ သီးနှံပေါ်ချိန် ပွဲလမ်းသဘင်တွေနဲ့ တွဲလုပ်ကြတာ များတယ်။ အဲတော့် တောင်သူလက်ထဲ ငွေရွှင်ချိန်ပေါ့။ သီးနှံရောင်းအပြန် မူးမူးလေးနဲ့ လောင်းကစားဝိုင်း ဝင်ထိုး ရှုံးတော့မဲရင်းနဲ့ ကုန်တာပဲ။ တချို့လည်း ရန်ဖြစ်ဓါးထိုးခံရတာတွေ အများကြီးရယ်။ အခုတော့ အဲလောင်းကစားဝိုင်းတွေက ရွာတွေဘက်မှာ ပေါ်ပေါ်ထင်ထင် ပြန်ဖြစ်လာပြန်ပြီ” လို့ ပဲခူးတိုင်းအနောက်ခြမ်း နယ်မြို့တမြို့မှ အမျိုးသားတဦးက ပြောသည်။

အချို့မှာလည်း လောင်းကစားလုပ်ရာတွင် ကြွေးတင်ခဲ့သည့်ငွေများကို ပေးဆပ်ဖို့ ခက်ခဲနေချိန်များတွင် လောင်းကစားဒိုင်များက လူမိုက်များကို ငှားရမ်းကို အသက်အန္တရာယ်ခြိမ်းခြောက် တောင်းခံရသည်များ ရှိသည်။ အချို့လည်း အိမ်ထောင်ကွဲ၊ သားကွဲ၊ မယားကွဲဖြင့် အသက်ဆုံးပါးခဲ့ရသည်များလည်း ရှိခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး “ဒီလောင်းကစားဝိုင်းတွေကြောင့် ပြည်သူလူထုကလည်း အစကတည်းက ဒီလောက် ဒုက္ခသုက္ခရောက်နေတာ ဒီလောင်းကစားဝိုင်းတွေကို ခြေဦးမလှည့်သင့်ဘူး။ လူ့သဘောကတော့ မတော်လောဘ ရှိကြတာပဲ။ အဲတော့ လောင်းကစားဝိုင်းတွေ ရောက်တယ်။ ရှိသမျှ ပိုက်ဆံတွေကုန်ပြီး လယ်ပေါင်နွားပေါင်ပြီး ဘဝတွေ ပျက်ကုန်တာပဲ။ ဒါတွေကို ကျနော်တို့ ကြားရတယ်။ အိမ်ကသားတွေဇနီးတွေက ဒုက္ခရောက်ပေါ့။ သူတို့က အရက်တွေလည်း အလကားတိုက်တော့မူးထူးပြီး ဖြစ်ကြတာပေါ့” လို့ သာယာဝတီခရိုင်၊ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်နေ့ညက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောအုပ်စု၊ သဲကောရွာ ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဓားထိုးမှုဖြစ်ပြီး တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိခဲ့ရသည်။

ဒုစရိုက်သမားနှင့်လောင်းကစားဝိုင်းများ တခေတ်ထချိန်

စစ်အာဏာသိမ်းမှုအပြီး တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းချိန်မှစပြီး ဒုစရိုက်သမား လူမိုက်များ တစခန်းထလာကြသည်။ ဒုစရိုက်သမားများနှင့်အတူ သူတို့၏ ငွေရပေါက်ရလမ်းများဖြစ်သည့် လောင်းကစား လုပ်ငန်းများလည်း ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များကို ငွေရှာပေးခဲ့ကြတော့သည်။ ထို့အတူ ဒုစရိုက်သမားလူမိုက်များ လူရာဝင်လာပြီး အာဏာပါဝါ ကြီးထွားလာပြန်သည်။

လောင်းကစားဝိုင်းများကို တိုင်းဒေသကြီးများရှိ နယ်မြို့များ၊ ကျေးလက်တောရွာများတွင် ကျင်းပလာခဲ့ကြရာ မြို့ပေါ်ရပ်ကွက်၊ ရွာအတွင်း၊ ဘုန်းကြီးပွဲ၊ ဘုရားပွဲဈေး၊ နှင့် တပတ် ၃ ရက် ခန့်ဖြင့် အမြဲကျင်းပလာသည့် လောင်းကစားဝိုင်းများ ရှိလာသည်။

"လောင်းကစားဝိုင်းတွေကတော့ အခုမြို့ပေါ်ရပ်ကွက်တွေထဲမှာကို ပေါ်ပေါ်တင်တင်ပဲ၊ ပေါင်းစုံရှိတယ်။ လာကြသူတွေ ထိုးကြတဲ့သူတွေကလည်း မနည်းဘူး။ ပွဲတော်ကြနေတာပဲ။ ပြည်က လူမိုက်တယောက်က ကြားကနေ ကန်ထရိုက်သဘောမျိုး ငွေကောက်ပေးတယ်။ သူက ကော်မရှင်စား တာဝန်ယူဖြေရှင်းပေးတာပေါ့" လို့ ပေါက်ခေါင်းမြို့နေသူတဦးက ဆိုပါတယ်။

ပဲခူးတိုင်းအပါအဝင် အခြားသော တိုင်းဒေသကြီးများမှာ လောင်းကစားဝိုင်းများကို တရားဝင်သဘောမျိုးဆန်ဆန် လုပ်ခွင့်ကို စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးအဖွဲ့တွေက ခွင့်ပြုထားသည်။ 

“လူကြီးပိုင်းတွေကို ပိုက်ဆံပေးပြီး ရဲအစောင့်နဲ့ကို ကစားကြတဲ့သူတွေ ရှိတယ်။ လိုင်းကြေးအပြင် လာတောင်းတဲ့ရဲကို ပေးရတယ်။ ကံမမှာတုန်းက ၇ ရက်ကို ၈ သိန်း ၁၀ သိန်း ပေးရတဲ့အပြင် လာတောင်းတဲ့ ရဲ အပိုင်အုပ်ချုပ်ရေးမှူးတွေကိုလည်း ပေးရတယ်။ လူမိုက်တွေက ဒိုင်ကို စောင့်ရှောက်ပေးတယ်။ ကာကွယ်ပေးတယ်။ နာမည်ကြီးလူမိုက်တွေက တာဝန်ခံပြီး လုပ်ခိုင်းတာက များတယ်။ သူ့နယ်နဲ့ သူပေါ့” ဟု မြို့ခံတဦးက ဆိုသည်။

ခွင့်ပြုပေးဖို့အတွက် လောင်းကစား အနည်းအများပေါ်မူတည်က တရက်လျှင် ၃ သိန်းခန့်ပေးသွင်းရပြီး တခြား နှစ်လုံးထီ၊ သုံးလုံးချဲရောင်းသူတွေကလည်း လစဉ် ငါးသောင်း၊ တသိန်းထိပေး အနည်းဆုံးပေးနေကြရကြောင်း မတူညီသောမြို့ခံများက ပြောဆိုကြသည်။

ဒုစရိုက်လူမိုက်များအဖြစ်မှ ပျူစောထီးများအဖြစ် စစ်ကောင်စီက အရှိန်မြှင့်လာ

တရားဝင်သဖွယ် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ၏ သတင်းစုံစမ်းရာ၊ ငွေရှာရာ၊ လူထု၏ တော်လှန်ရေးနှောင့်နှေးအောင် လုပ်ဆောင်ရာ ဖြစ်လာနေသည်။

လောင်ကစားဝိုင်းများကို ပြုလုပ်ပေးနေသည့် ဒုစရိုက်လူမိုက်များသည် စစ်ကောင်စီအလိုကျ အာဏာသိမ်းမှုကို ကာကွယ်ပေးနေသည့် ပျူစောထီးများ ဖြစ်လာသလို အချို့လောင်းကစား ဒုစရိုက်လောကများတွင်လည်း ပျူစောထီးများကို အစားထိုးလာသည်။

“အဓိကကတော့ လောင်းကစားဝိုင်းတွေကို သူတို့နဲ့ ပလဲနံသင့်နေတဲ့ ပျူစောထီးခေါင်းဆောင်တွေက ဦးဆောင်လုပ်တယ်။ ပျူစောထီးအဖွဲ့တွေက ကြည့်လိုက်ရင်လည်း လောင်းကစားဒိုင်ချုပ်တွေ ဖြစ်နေတာများတယ်။ အကုန်လုံးက စစ်ကောင်စီအဖွဲ့ဝင်တွေ သူတို့နဲ့ လုံးထွေးနေတာပဲ။ ဘယ်သူလုပ်တာလည်းဆိုရင် အဲစစ်တပ်ကပဲ ပြန်လုပ်နေတာပဲ။ စစ်တပ်က ဂိုဏ်းချုပ်ပဲ” လို့ သာယာဝတီခရိုင်၊ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

လောင်ကစားဝိုင်များတွင် ကြံ့ခိုင်ရေးအားပေးထောက်ခံသူများ၊ ဒလန်များနှင့် ပျူစောထီးများက ဒိုင်ကိုင်ကစားနေကြရာ PDF အဖွဲ့များက ပစ်ခတ်ရှင်းလင်းမှုများနှင့် ဖမ်းဆီးခြင်း လာရောက်ကစားသူများကို သတိပေးစာများ ထုတ်ပြန်ခြင်းများကို ပြုလုပ်နေရပြန်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ပြုလုပ်သော ကြက်ဝိုင်းကို PDF များက ဝင်ရောက်ဖမ်းဆီးတာ၊ ယခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်က သာယာဝတီနှင့် လက်ပံတန်းတို့က လောင်းကစားဝိုင်းဒိုင် ပျူစောထီးများကို PDF များက ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူခေါင်းဆောင် ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြန်သည်။

ပအဖ၊ ပကဖ နှင့် PDF များအတွက်အခက်ခဲ လောင်းကစားဝိုင်းများ

လောင်းကစားနည်းမျိုးစုံနှင့် လူအကြိုက်ဖြစ်သဖြင့် ဆောကစားနေသူများကို မကစားရန် တားမြစ်ရသည်မှာ တကယ်တမ်းမလွယ်လှသလို ထိုအရာကို စစ်ကောင်စီက ကောင်းကောင်းသိနေသည်။

ဒေသအလိုက် ပအဖ၊ ပကဖ နှင့် PDF များ က လောင်ကစားဝိုင်များ ပြုလုပ်နေသူများကို တားမြစ်တာ၊ ကြေညာသတိပေးတာတွေကို မကြာခဏပြုလုပ်နေရပြီး သတိပေးမရသည့် နေရာများတွင်လည်း ဖမ်းဆီး အရေးယူမှုများ ရှိလာနေသည်။

“ကျနော်တို့ တောရွာတွေမှာက ကြက်ဝိုင်းတို့ နွားပြိုင်ပွဲတို့ဆိုတာ အတော်တားရခက်တဲ့ အလုပ်ပါ။ ဒါပေမဲ့ အဲမှာ ဒိုင်ကိုင်တာတွေက ဒုစရိုက်သမားတွေ လူမိုက်တွေ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေတာ့ ကျနော်တို့ PDF တွေရဲ့ သတင်းကို စုံစမ်းထောက်လှမ်းပြီး သတင်းပို့တာတွ လုပ်လာတယ်။ ပိုဆိုးတာက မရှိတဲ့ကြားက လောင်းကစားရှုံးနေကြတော့ ကျနော်တို့လည်း စိတ်မချမ်းသာဘူး တားရတာလည်း ခက်တယ်။ လောင်းကစားဝိုင်းထဲမှာရှိနေတဲ့ ပျူတွေကို ရှင်းလင်းဖို့ကြလည်း ပြည်သူတွေရှိနေတော့ ရှင်းလင်းရခက်တာတွေ ရှိပါတယ်။” ဟု မကွေးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ လောင်ကစားဝိုင်းများက အရှိန်ဟုန်ဖြင့် ပြုလုပ်လာနေကြပြီး PDF စိုးမိုးမှုမရှိသော နေရာများတွင် ပွဲတော်ကြီးများသဖွယ် ကျင်းပပြုလုပ်လာနေကြသည်။

စစ်ကောင်စီအလိုကျ ဒုစရိုက်သမားများနှင့် လောင်ကစားဝိုင်များရဲ့ လားရာ

စစ်ကောင်စီက ပြည်သူလူထုကို နိုင်ငံရေးလမ်းကြောင်းပေါ်မှ လမ်းလွှဲချင်ပါက အကြောက်တရားအပြင် ဘာသာရေးမှိုင်း၊ ပျော်ပွဲရွှင်ပွဲများ၊ မပြေလည်နေမှုများနှင့် လောင်ကစားများကို တရားဝင်သဘောမျိုး နည်းမျိုးစုံဖြင့် ခွင့်ပြုပေးလိုက်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်မှာ ခေတ်အဆက်ဆက်က ဖြစ်သည်။ ထိုအခြင်းအရာများကို ပြုလုပ်ခြင်းဖြင့် မတည်မငြိမ်မှုများကို ဖန်တီးရင်း ဖိနှိပ်ချုပ်ချယ်ကာ အုပ်ချုပ်ဖို့ကို ကြိုးစားခဲ့တာချည်း ဖြစ်သည်။

ယခုစစ်အာဏာသိမ်းမှုတွင်လည်း ထိုနည်းကိုပင် ပြန်လည်သုံးလာခဲ့သည်။ ထင်မှတ်မထားသော လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းသွားသော လူထုကိုလည်း လက်နက်ကိုင်လူတစုနှင့်ပင် တိုက်ပေးပြီး ရာဇဝင်လူဆိုးသူခိုးနှင့် ဒုစရိုက်သမားလူမိုက်များကို ပျူစောထီးအသွင်ပြောင်းကာ လက်နက်များ တပ်ဆင်ပေးနေခြင်း ဖြစ်သည်။

မကြာမီက အတည်ပြုထုတ်ပြန်ထားသော လက်နက်ကိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေအရ လူဆိုးလူမိုက်များအနေဖြင့် တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရတော့မည် ဖြစ်သည်။

ယခင်က တုတ်ဓါးတို့ဖြင့်သာ မိုက်ခဲ့ရိုင်းခဲ့ရမ်းကားခဲ့သူများသည် လာမည့်ကာလများတွင် တရားဝင်သေနတ်ဖြင့် ရမ်းကားကာ စစ်ကောင်စီကို တော်လှန်သူဖြစ်စေ သာမန်ပြည်သူလူထုကိုဖြစ်စေ စိတ်ဖြင့် အခန့်မတွေ့သည့် မည်သူကိုမဆို နေရာမရွေး အချိန်မရွေးပစ်ခတ်သတ်ဖြတ်လာမည်ဆိုတာ မလွဲဧကန်ပင် ဖြစ်သည်။

ပြည်သူလူထု လူတိုင်း၏ အိမ်တံခါးများကို အချိန်မရွေး လာခေါက်ကာ ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်သူများမှာ စစ်ဝတ်စုံဝတ်များအပြင် ဒုစရိုက်သမားလူမိုက်များလည်း ဖြစ်လာတော့မည်ဆိုတာ သတိချပ်သင့်ပေသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10