စစ်ကောင်စီအောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှာစစ်သင်တန်းတက် (ရုပ်/သံ)

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး စစ်သင်တန်းတက်ရောက်နေကြတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ဆီက သိရပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ရန်ကုန်နဲ့မန္တလေးတိုင်းတွေက လူငယ်တွေဟာ  PDF အနေနဲ့တိုက်ပွဲဝင်လိုကြောင်း ဆက်သွယ်လာလို့ ခေါ်ယူခဲ့ရတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ စခန်းမှူး ကိုရင်ငြိမ်း က ပြောပါတယ်။

ဆက်သွယ်လာသူတွေထဲက အမျိုးသား လူငယ် ၅၁ ဦးနဲ့ အမျိုးသမီးငယ် ၅ ဦးကို အခြေခံစစ်ပညာသင်တန်းအဖြစ် မတ် ၆ ရက်ကစတင်ပြီး ၄၅ ရက်ကြာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်လိုတဲ့ လူငယ်တွေ ထပ်မံရောက်ရှိလာလို့ ယခင်ရှိပြီးသား တပ်ဖွဲ့ဝင်အင်အားနဲ့ပေါင်းပါက များပြားလာလို့ နေထိုင်စားသောက်ရေးနဲ့ လက်နက်တပ်ဆင်ရေးမှာ ထောက်ပံ့ကူညီပေးနေကြပေမယ့် အခက်ခဲတွေကတော့ ရှိနေဆဲလို့ သိရပါတယ်။

ဝမ်းရေးပြသနာတွေနဲ့ မိသားစုအရေးကိစ္စတွေကြောင် တော်လှန်ရေးမှာ ပါဝင်ဖို့နှောင့်နှေးခဲ့ကြပေမယ့် မြို့ရွာတွေမှာ နေထိုင်လို့မရအောင် စစ်ကောင်စီဘက်က ဖိအားပေးလာတဲ့အခါမှာ တော်လှန်ရေးအဖွဲ့တွေထံကို လာရောက်ပူးပေါင်းကြတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ဆီလာရောက်ပူးပေါင်းသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်း ပထမအသုတ်ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာဖြစ်ပြီး အပတ်စဉ်တခုကို လူ ၅၀၀၀ နှုန်း၊ တနှစ် လူ ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်သူတွေနဲ့ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်းသူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ကျောက်ဆည် #PDF #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်သင်တန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10