စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း အနီးကပ်တိုက်ခိုက်ခံရလို့ ၁၅ ဦးခန့်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon Army - MRDA တာဝန်ခံ ရဲဘော်နောင်ရိုးက ပြောပါတယ်။

ဇီးဖြူကုန်းရွာက ထွက်လာတဲ့ အင်အား ၈၀ကျော်ပါတဲ့ စအရ ၉၀၉ နဲ့ ခမရ ၇၀၄ စစ်ကြောင်း ၂ ကြောင်းကို ဩဂုတ် ၇ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ ကြောင်သန်းကျေးရွာ၊ ဆင်ရှင်ကျေးရွာနဲ့ ကျေးနင်းကြီးကျေးရွာ သုံးရွာကြားမှာ မီတာ ၁၀၀ အကွာကနေ ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ဒီအကြိမ်နဲ့ဆိုရင် ၅ ကြိမ်ရှိပြီ။ မနေ့ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ ၃ ရွာအကြားမှာ မနက် ၉ နာရီမှာ တိုက်ပွဲစဖြစ်ခဲ့တာ။ ကျနော်တို့ MRDA ရဲဘော်တွေက အဲ့ဒီစစ်ကြောင်းမလာခင် မီတာ ၃၀၀ အတွင်းမှာ နေရာယူထားတာ။ မီတာ ၁၀၀ အတွင်းရောက်လာမှ ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်ခဲ့တယ်။" လို့  MRDA တာဝန်ခံ ရဲဘော်နောင်ရိုးက ပြောပါတယ်။

၂ နာရီခွဲခန့်အကြာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်‌ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အကြိမ် ၅၀ ကျော်လောက် ပစ်ခတ်တာတွေရှိပြီး မြေပြင်ရဲဘော်တွေ မျက်မြင်‌တွေ့ရှိချက်အရ စစ်ကောင်စီဘက်က စုစုပေါင်း ၁၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က အထိနာလို့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ တံတားဦးလေတပ်ကနေ A - 5 Bomber ခေါ် Jet Fighter တစီးနဲ့ မိနစ်၂၀ ခန့်  ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ရန်သူ့လက်နက်တွေ ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့  ရဲဘော်နောင်ရိုးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေအရ စအရ ၉၀၉ နဲ့ ခမရ ၇၀၄ တပ်က စစ်သားတွေဖြစ်ပြီး စစ်ကောင်စီဘက်က ယမ်းမိုင်း ၁၀ လုံး၊ ဗုံးသီး ၂ လုံး၊ ၆၀ မမ  ဗုံးသီး၂ လုံးနဲ့ ကျည်တချို့ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ကျေးနင်းကြီးကျေးရွာ ရေဝန်းဘုန်းကြီးကျောင်းအတွင်းကိုဝင်သွားကာ ဒဏ်ရာရစစ်သားတွေကို ဆေးကုသမှုတွေ လုပ်နေပြီး သေဆုံးအလောင်းတွေကို မီးရှို့နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Myanmar's Royal Dragon Army-MRDA နဲ့ ခရိုင်တပ်ရင်း၆ MRDA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲမြို့ #ဇီးဖြူကုန်းရွာ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #စအရ၉၀၉ #ခမရ၇၀၄ #တံတားဦးလေတပ် #စစ်သား #PDF #MRDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10