စစ်ကောင်စီ စစ်ကြောင်း မိုင်း ၂ ကြိမ်ဆွဲခံရလို့ လေယာဥ်ပစ်ကူပြီး ကပဖ စခန်းကို မီးရှို့
မြိုင်မြို့နယ်အတွင်းမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဧပြီလ ၆ ရက် တနေ့တည်းမှာတင် မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မြိုင် ပကဖဆီက သိရပါတယ်။
သရက်ကန်ရွာက ထွက်လာတဲ့ အင်အား ၆၀ ပါစစ်ကြောင်းကို ဧပြီလ ၆ ရက် နေ့လယ် ၁၁ နာရီခွဲကနေ ညနေ ၃ နာရီအတွင်း သရက်ကန်ရွာနဲ့ နှမ်းဆီကန်ရွာအကြားမှာ တကြိမ်၊ နှမ်းဆီကန်ရွာနဲ့ တွင်းမရွာကြားမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။
"စုစုပေါင်း မိုင်း ၅ လုံးဆွဲတိုက်ခိုက်ပြီး ဒရုန်း ၂ စင်းဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာ စစ်သား ၈ ဦးဒဏ်ရာရတယ်" လို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရလို့ မုံရွာ နမခဘက်က Mi 35 ၁ စီး နဲ့ Mi 17 ၁ စီးတို့ မိနစ် ၂၀ နီးပါး လာရောက်ပစ်ခတ်ခဲ့သလို မိုင်းဆွဲခံရတဲ့ စစ်ကြောင်းကလည်း ညောင်ရွှေကျေးရွာနားက အလင်းတန်းပြောက်ကျားတပ် ကာကွယ်ရေးစခန်းတခုကို ညနေ ၃ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
စခန်းကို အလစ်ဝင်ရောက်တိုက်ခိုက်လာခဲ့တာကြောင့် ကား ၂ စီး၊ ဆိုင်ကယ် တစီး၊ လက်လုပ်မိုင်း၊ လက်လုပ်သေနတ် ၆ လက်ကို ယူချိန်မရခဲ့ဘဲ ထွက်ပြေးလာခဲ့ကြရတယ်လို့ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တက်ခေါင်က ပြောပါတယ်။
"ကား ၂ စီးမှာ တစီးမှာက အထဲမှာ ပိုက်ဆံသိန်း ၁၀၀ ရာပါသွားတယ်။ FZဆိုင်ကယ် တစီးရယ်၊ အဆောင်တွေရယ် မီးရှို့သွားတယ်။ စကစတွေက လေယာဥ်နဲ့အရင် ပစ်ခတ်ပြီးတော့မှ ခြေကျင် စစ်သားတွေက ဝင်စီးတာ။ ပစ်ခတ်မှုကြားကပဲ ထွက်ပြေးခဲ့ရတာ။ စခန်းတခုလုံး ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၃၀၀ ကျော်ရှိနိုင်တယ်" လို့ ဆိုပါတယ်။
စခန်းကိုဝင်ရောက် စီးနင်းမီးရှို့ခံလိုက်ရပေမယ့် ရဲဘော်တွေအနေနဲ့ တဦးတယောက်မှထိခိုက်ဒဏ်ရာ မရရှိခဲ့ကြဘူးလို့ ဗိုလ်တက်ခေါင်က ပြောပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
Share
Share
Share