စစ်ကောင်စီ စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

စစ်ကောင်စီ စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးအရ အသုံးပြုနေတဲ့ တံတားကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲခဲ့ရာ တံတားပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

ဩဂုတ် ၄ ရက် ဒီမနက် ၂ နာရီခန့်မှာ သစ်ဖြူဆိပ်ကျေးရွာကနေ တောကျွဲအင်းဘက်ကိုသွားတဲ့ တံတားကို မိုင်းထောင်ဖောက်ခွဲလိုက်တာလို့ ဆိုပါတယ်။

"အဲ့တံတားက စကစ ဘက်က စစ်ရေး၊ ထောက်ပို့အတွက် အမြဲတမ်းအသုံးပြုနေသလို အဲ့တံတားနားကနေပြီး KNLA ပူးပေါင်းအဖွဲ့တွေကို စကစဘက်က တိုက်ခိုက်နေတာဆိုတော့ စစ်ရေးပစ်မှတ်အနေနဲ့ လုပ်ဆောင်လိုက်တယ်လို့တော့ သိရတယ်"လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက အတည်ပြုပြောပါတယ်။ 

မိုင်းခွဲဖျက်ဆီးခံရလို့ အရှည်ပေ ၁၆၀၊ အကျယ် ၁၂ ပေရှိ တံတားဟာ အလယ်ကနေ ထက်ပိုင်းကျိုးကျသွားပြီး ကား၊ ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

ဒေသခံတွေအနေနဲ့ တောကျွဲအင်းရွာဘက်ကို သွားလာလိုပါက အခြားကျေးရွာချင်းဆက်လမ်းကနေ ကညွတ်ကွင်းကိုသွားရမှာဖြစ်ပြီး ကညွတ်ကွင်းကမှတဆင့် သွားရတော့မှာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း ဖြူးမြို့နယ်၊ သပြေလဟာကျေးရွာနဲ့ ကညွတ်ကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကောင်စီစစ်ရေးအရ အသုံးပြုနေတဲ့ မလှမင်းသား ကွန်ကရစ်တံတား မိုင်းခွဲခံရပြီး ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ဖြူး #မိုင်းခွဲ #တံတား #KNLA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10