စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသား ၁ ဦး နှိပ်စက်ခံရပြီး သေဆုံး

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသား ၁ ဦး နှိပ်စက်ခံရပြီး သေဆုံး

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းတောလယ်ကျေးရွာက ပြည်သူ ၁ ဦး နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထန်းတောလယ်ကျေးရွာက ဦးသိုက်မြင့် ၅၁ နှစ်ဖြစ်ပြီး ဇွန်လ ၂၆ ရက် မနေ့ည ၁၀ နာရီခန့်က မြင်းခြံပြည်သူ့ဆေးရုံမှာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။

"၂၆ ရက်နေ့က ည ၇ နာရီလောက်ကမှ မိသားစုကို စကစ ဘက်က အကြောင်းကြားလာတယ်။ ဆေးရုံတင်ထားရတယ်။ လာကြည့်ပါပေါ့။ မိသားစုက ခရီးဝေးလို့ ဒီ မနက် (ဇွန် ၂၇)မှ သွားဖို့လုပ်နေချိန် ဖုန်းထပ်လာတယ်။ သေသွားပြီး မလာနဲ့တော့ဆိုပြီးပြောတယ်တဲ့။ ပြီးတော့ သင်္ဂြိုဟ်လိုက်ပြီလို့လည်း ပြောတယ်"လို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဦးသိုက်မြင့်ဟာ နှလုံးဖောက်ပြီးသေသွားတယ်လို့ ပြောဆိုပေမယ့် ထောင်တွင်းရိုက်နှက်ခံရလို့ သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဦးသိုက်မြင့်ဟာ အဖမ်းမခံရခင်က ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ဆေးဆရာတယောက်ဖြစ်လို့ ကျန်းမာရေးလိုက်စားသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးသိုက်မြင့်ရဲ့ အလောင်းကို မိသားစုတွေက မမြင်လိုက်ရသလို အလောင်း ပြန်တောင်းခဲ့ပေမယ့်လည်း စစ်ကောင်စီဘက်က ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ဦးသိုက်မြင့်ဟာ ကားရေတိုင်ကီဖာဖို့ ထန်းတောလယ်ရွာကနေ ပေါက်မြို့ကို အသွား ပေါက်မြို့နယ်၊ ယာကြီးပြင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဦးသိုက်မြင့်ကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂  စတာတွေနဲ့ တရားစွဲဆိုပြီး ပခုက္ကူထောင်မှာ ထောင် ၅ နှစ်အမိန့်ချကာ အဲဒီနောက်ပိုင်းမှ မြင်းခြံထောင်ကို ထပ်မံပို့လိုက်တာလို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မကွေး #ပေါက် #ထန်းတောလယ် #စစ်ကောင်စီ #ဖမ်းဆီးခံအမျိုးသား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10