စစ်ကောင်စီ မန္တလေးတိုင်း ပို့/ဆက်ရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

စစ်ကောင်စီ မန္တလေးတိုင်း ပို့/ဆက်ရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက် တိုင်းပို့ဆောင်၊ဆက်သွယ်ရေးရုံး မတ်လ ၂၀ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ ဗုံးပစ်တိုက်ခိုက်ခံရလို့ ရုံးတွင်းမှာရှိတဲ့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၃လမ်း၊ ၃၄×၃၅ လမ်းကြားမှာရှိတဲ့ တိုင်းပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအတွင်းထဲကို အမည်မသိအမျိုးသား ၁ ဦး ဝင်ရောက်လာပြီး ဗုံးပစ်ထွက်ပြေးသွားခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"တိုင်းပို့၊ဆက်ရုံး ဗုံးပေါက်တာ ဟုတ်တယ်။ သိရသလောက်က ရုံးထဲလာပစ်ထည့်သွားတာတဲ့။ ထိခိုက်ဒဏ်ရာရသူတွေကလည်း ဝန်ထမ်းတွေပဲလို့ သိရတယ်။ သေတာတော့မရှိဘူး" လို့ ပြောပါတယ်။

ရုံးအတွင်းဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီ ပို့၊ဆက်ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိသွားပြီး မန္တလေးပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ ဆိုပါတယ်။

အဲဒီ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မန္တလေးတိုင်း ပို့၊ဆက်ရုံး ဗုံးပစ်ခံရလို့ ဒု-ဦးစီးမှူး ဦးလွှမ်းမိုး၊ အကြီးတန်းစာရေး ဦးဇော်မြင့်၊ အငယ်တန်းစာရေး မသူသူအောင်နဲ့ မလှစံပယ်ကျော်တို့မှာ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း အရှေ့ဘက်ဝင်ပေါက်မှာရှိတဲ့ ရဲလုံခြုံရေးဂိတ် ဗုံးပစ်ခံရပြီး ဒုရဲအုပ်အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10