စစ်ကြောင်းကိုမိုင်းဆင်သွားတဲ့ ရွာပကဖရဲဘော် ၄ ဦး စစ်တပ်ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခံရလို့ သေဆုံး

စစ်ကြောင်းကိုမိုင်းဆင်သွားတဲ့ ရွာပကဖရဲဘော် ၄ ဦး စစ်တပ်ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်း ရဲချင်းရွာမှာ ကျေးရွာပကဖရဲဘော် ၄ ဦးကို စစ်ကောင်စီတပ်ကင်းပုန်းတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့နယ်ပကဖဆီက တဆင့် သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် မနေ့မနက် ၅ နာရီခွဲလောက်က အရာတော်မြို့အခြေစိုက် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)ကနေ နောင်ကြီးအိုင်ရဲစခန်းကို ထွက်လာတဲ့ စစ်သားနဲ့ရဲအင်အား ၅၀ ခန့်ပါ စစ်ကြောင်းက ကျေးရွာပကဖ စခန်းရှိရာဘက်ကို ရောက်လာတဲ့အတွက် မိုင်းဆင်ဖို့သွားကြရင်း ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“အဲ့နေ့က သတင်းရလို့ အကုန်စခန်းမှာမနေကြဘူး။ ၅ နာရီခွဲတော့ လင်းပြီပဲဆိုပြီး မိုင်းထောင်မလို့ ကားနဲ့သွားတဲ့အချိန်မှာ သူတို့(စကစ)က စခန်းနားကြိုရောက်ပြီးတော့ အပစ်ခံရတာ။ ကားပေါ်မှာ ရဲဘော် ၂ ယောက် မီးထည့်ရှို့ထားခဲ့တယ်။ ကျန်တဲ့ ရဲဘော် ၂ ယောက်က အခင်းတွေကြားထဲမှာ ခေါင်းတွေကို တေ့ပစ်သတ်ထားတယ် ”လို့ မြို့နယ်ပကဖ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်ခံရတာကြောင့် အသက် ၂၃ နှစ်ကနေ ၃၀ နှစ်ကြားရှိ ကျေးရွာပကဖ ရဲဘော် ၄ ဦးသေဆုံးခဲ့ပြီး သူတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၂ လက်နဲ့ ကာစတန်ကား ၁ စီး ဆုံးရှံးခဲ့ကာ စခန်းကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဆိုပါတယ်။

ရဲဘော် ၂ ဦးကို ကားနဲ့အတူမီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းကိုသာပြန်ရခဲ့ပြီး တခြားရဲဘော် ၂ ဦးကတော့ နှိပ်စက်ပြီးမှ ပစ်သတ်ထားတဲ့ အနေထားနဲ့ အလောင်းပြန်ရခဲ့ကာ ခြေထောက်မှာလည်း သေနတ်ဒဏ်ရာတွေ တွေ့ရှိတဲ့အတွက် မပြေးနိုင်တော့ဘဲ အရှင်ဖမ်းမိတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ စခန်းကိုမီးရှို့ပြီး နောင်ကြီးအိုင်ရဲစခန်းဘက်ကို ထွက်ခွာချိန် နယ်မြေခံအဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကာ ကာကွယ်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတာနဲ့ ၄၀ မမနဲ့ ပစ်ခတ်တာတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နောင်ကြီးအိုင်ရဲစခန်းကို အင်အားဖြည့်တဲ့အနေနဲ့ ရောက်ရှိနေပြီး နယ်မြေအခြေအနေကြောင့် စစ်တပ်ဘက်က စစ်ကြောင်းမထွက်နိုင်တာ ၄ လခန့်ရှိပြီဖြစ်ကာ လက်ရှိမှာ အင်အား ၅၀ ခန့်နဲ့ အခုလိုစစ်ကြောင်း ပြန်ထွက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ရပ်ကျေးပကဖ #ပစ်ခတ်ခံရ #သေဆုံးမှု #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10