စစ်ကြောင်းကို မိုင်းဆွဲဖို့သွားတဲ့ PDF တပ်စိတ်မှူး တိုက်ခိုက်ခံရပြီးကျဆုံး

စစ်ကြောင်းကို မိုင်းဆွဲဖို့သွားတဲ့ PDF တပ်စိတ်မှူး တိုက်ခိုက်ခံရပြီးကျဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့သွားချိန် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တဲ့အတွက် ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓါးမဆိုင်းတပ်မတော် (D.M.S.A) အဖွဲ့က တပ်စိတ်မှူးတဦး ကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

သေဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် သက်မောင် (ခေါ်) ငမောင်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ၇ နာရီကျော်မှာ ဆားလင်းကြီးကနေ တောင်ဘက်ကိုထွက်လာတဲ့စစ်ကြောင်းကို ပထမမိုင်းပွိုင့်ဆွဲအပြီး ဒုတိယမိုင်းပွိုင့်ဆွဲဖို့ သွားချိန်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့်  ရင်ဘတ်ကို  ကျည်မှန်ပြီးကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“ကျဆုံးရဲဘော်ရဲ့ အလောင်းကိုသယ်နိုင်ခဲ့ပြီး သူ့ရဲ့ဈာပနအခမ်းအနားလုပ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓါးမဆိုင်းတပ်မတော် (D.M.S.A) ဗိုလ်စွမ်းက ပြောပါတယ်။

တပ်စိတ်မှူး သက်မောင်ဟာ မိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတဦးဖြစ်ကာ တပ်ဖွဲ့အတွက် မရှိမဖြစ် မိုင်းတာဝန်ခံဖြစ်ပြီး သူရဲ့ စျာပနကိုတော့ ဇန်နဝါရီ ၂၁ ရက်မနက်ဖြန်မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ 

“မိုင်းနဲ့ပတ်သက်လာရင် နာမည်တော်တော်ကြီးပါတယ်။ မိုင်းငမောင် ဒုတိယဗိုလ်ချုပ်လို့တောင် တင်စားထားတာပါ၊ သင်တန်းတွေအဆင့်ဆင့်တက်ပြီး ဓါးမဆိုင်း(အဖွဲ့)မှာ မရှိမဖြစ်မိုင်းတာဝန်ခံလို့ ပြောလို့ရပါတယ်” လို့ ဗိုလ်စွမ်းက ပြောပါတယ်။ 

သူဟာ ယခင်က ကားဝပ်ရှော့မှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှ စစ်ကောင်စီကို တော်လှန်ဖို့ ဓါးမဆိုင်းတပ်မတော်ထဲကို ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓါးမဆိုင်းတပ်မတော် (D.M.S.A) အဖွဲ့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း တပ်စိတ်မှူး သက်မောင်အပါအဝင် ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #တပ်စိတ်မှူး #ကျဆုံး #ဓါးမဆိုင်းတပ်မတော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10