စစ်ကြောင်းထိုးနေလို့ မန္တလေး - ရွှေဘိုကားလမ်းကို ယာယီပိတ်သိမ်းကြောင်း ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်

စစ်ကြောင်းထိုးနေလို့ မန္တလေး - ရွှေဘိုကားလမ်းကို ယာယီပိတ်သိမ်းကြောင်း ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်

မန္တလေး - ရွှေဘိုကားလမ်းမကြီးကို စက်တင်ဘာလ ၇ ရက် ဒီနေ့မနက်ပိုင်းက စတင်ပြီး ယာယီအသုံးမပြုကြဖို့နဲ့ ခရီးသွားကားတွေကိုရောက်တဲ့နေရာမှာ ယာယီရပ်ထားကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။  

စစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကားလမ်းမဘေးကျေးရွာတွေကို ရောက်ရှိနေတာကြောင့် ကားလမ်းကိုယာယီပိတ်ထားတာလို့ ဝက်လက်မြို့နယ်အနောက်ခြမ်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

"စစ်ကြောင်းက ကားလမ်းတလျှောက်ကရွာတွေကို ဝင်မွှေနေတာမို့ ကားလမ်းကိုအသုံးမပြုဖို့ ပိတ်တာပါ " လို့ ၎င်းက ပြောပါတယ်။

ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာရောက်ရှိနေတဲ့  အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက စက်တင်ဘာလ ၆ ရက် မနေ့က ဝက်လက်မြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းဘေး သရက် ကြီးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်က ဝက်လက်မြို့နယ်ကို စစ်ကြောင်း ၆ ကြောင်းခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် လက်ရှိမှာ ဝက်လက်အရှေ့ခြမ်းမှာ စစ်ကြောင်း ၂ ကြောင်း၊ စစ်ကိုင်းနယ်အစပ် ကားလမ်းမတလျှောက်မှာ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး-ရွှေဘို #ကားလမ်းပိုင်း #ယာယီပိတ်သိမ်း #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10