စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ ညောင်ပင်ဝန်းရဲစခန်း ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခံရ

စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ ညောင်ပင်ဝန်းရဲစခန်း ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ညောင်ပင်၀န်းတိုက်နယ်ရှိ ညောင်ပင်၀န်းရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်တဦးအပါ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၇ ရက် မနက် ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်စွဲထားတဲ့ ညောင်ပင်၀န်းရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်း ၆ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

"ဒရုန်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးဖို့ ရဲစခန်းထဲကို စစ်ကောင်စီတပ်တွေ ရောက်နေတဲ့အချိန်မှာ ရဲစခန်းကို ဗုံးကြဲခဲ့တာပါ။ ရဲစခန်းထဲမှာ နေရာတင် ချက်ချင်းသေတာက ရဲ ၅ ယောက်၊ ဒဏ်ရာရပြီး ဆေးရုံကားနှစ်စီးနဲ့ခေါ်သွားတဲ့ထဲက ဆေးရုံရောက်မှထပ်သေတာ အားလုံး ၁၇ ယောက်ဖြစ်တယ်" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM အနောက်ပိုင်း 001) တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေက တပ်မ ၃၃ တပ်သားတွေဖြစ်ကာ ခြေတော်ရာတောင်ပေါ်မှ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး ကျေးရွာတွေထဲ စစ်ကြောင်းထိုးမ၀င်ရောက်ခင်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်အပါအ၀င် ၁၇ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အရာရှိစစ်ဗိုလ်ကို မနေ့က ညနေ ၆ နာရီ၀န်းကျင်က ညောင်ပင်၀န်းရဲစခန်းထဲမှာပဲ လက်နက်ငယ်တွေပစ်ဖောက်ပြီး  သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါညောင်ပင်၀န်းရဲစခန်းဟာ ရဲနဲ့စစ်သား ပူးပေါင်းအင်အားအများအပြားနဲ့ တပ်စွဲထားတဲ့နေရာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏသွားရောက်တိုက်ခိုက်မှုတွေကြောင့် လေယာဉ်ပစ်ကူတွေနဲ့ပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါ‌တယ်။

အခုတိုက်ပွဲကို CDSOM အနောက်ပိုင်း 001၊ Drop For Justice MDY၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ MRTF Drone Force၊ Lightning Drone Forceနှင့် ကျောက်ဆည်ခရိုင်တပ်ရင်း(၁) နဂါးနီတပ်ရင်း၊ ရွှေဘို ခရိုင်တပ်ရင်း ၁၅၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ ဆားတောင်မိုးကြိုး Local PDF၊ မိုးညို (မြင်းမူ LPDF)၊ အောင်သပြေညီနောင်(မြင်းမူ LPDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#စစ်ကိုင်း#ညောင်ပင်၀န်း #ရဲစခန်း #ဒရုန်း #ဗုံးကြဲခံရ #စစ်‌ဗိုလ် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10