စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်နိုင်

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်နိုင်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကောက်မသူရွာအနီး ပန်းတင်ကုန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး PDF ရဲဘော်တွေထံက သိရပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၉ နာရီကျော်မှာ အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ ၅ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က စစ်ကြောင်းမလာခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ။ နောက်မှာ စစ်ကြောင်းက လိုက်ဝင်လာတော့ ဒီဘက်က ကြိုစောင့်နေတဲ့ အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာ။ သူတို့လာတော့ အပိုင်စောင့်ပစ်ရတဲ့ သဘောရှိတယ်။ ရေရှည်ကျတော့ စကစ ဘက်က ပစ်အားသာတော့ ပြန်ဆုတ်လာကြရတယ်"လို့ မြေပြင် PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်နိုင်ပြီး စာရင်းအတိအကျကိုတော့ စစ်ရေးတင်းမာနေဆဲဖြစ်လို့ ကောက်ယူနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာခံရလို့ ထိခိုက်သူတွေကို စစ်ကောင်စီဘက်က ကားနဲ့တင်ပြီး ညောင်လေးပင်ဘက် ပြန်ယူသွားသလို ကျန်အင်အားတွေက ရေဖြူကန်ကျေးရွာမှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၅ ရက် ဒီနေ့ မနက်မှာတော့ စစ်ကောင်စီဘက်က အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာပြီး  စစ်အင်အား ၁၈၀ ခန့်နဲ့ စစ်ကြောင်းဆက်ထိုးဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ပိန်းဇလုပ် ခမရ ၂၆၄ တပ်နဲ့ ရေဖြူကုန်း စစ်ကောင်စီတပ်စွဲနေရာတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည်တွေဟာ ပန်းတင်ကုန်း၊ အင်ကုန်းနဲ့ ကောက်မသူရွာတွေထဲကို ကျရောက်ပေါက်ကွဲလို့ ဒေသခံနေအိမ်တွေနဲ့ ပြည်သူတွေ ထိခိုက်မှုရှိပေမယ့် စာရင်းမကောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်ကနေ ၅ ရက်အထိ ညောင်လေးပင်ခရိုင်အတွင်း ညောင်လေးပင်အပါအဝင် အခြားမြို့နယ်တွေမှာ တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က ၃၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရတယ်လို့ ဒေသ PDF သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #PDF #KNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10