စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၆ ဦးသေ

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၆ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကြိမ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့တယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix D-F ဆီက သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ သပြေပင်သုံးလုံးပြူးကျေးရွာအနီးမှာ အင်အား ၄၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ပထမအကြိမ် မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ အထက်ဆင်ဝိုင်းကျေးရွာကို ဆက်ထွက်ခဲ့ပြီး ဒေသခံနဲ့ ဆင်အချို့ကိုဖမ်းပြီး ဉာဏ်လယ်ဗိုလ်တဲကုန်းကျေးရွာဘက်ကို ထွက်လာကာ အဲ့ဒီရွာအနီးမှာ နားနေခဲ့ပါတယ်။

အဲ့ဒီနောက် နေ့လယ် ၁၂ နာရီကျော်လောက်မှာတော့ အဲ့ဒီစစ်ကောင်စီအဖွဲ့ကိုပဲ စနိုက်ပါနဲ့ ဒုတိယအကြိမ် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix D-F ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နေ့လယ် ၂ နာရီကျော်ခန့်မှာ ဉာဏ်လယ်ဗိုလ်တဲကုန်းကနေ စမ်းကြီးကျေးရွာကို စစ်ကြောင်း ဆက်ထွက်ချိန် စမ်းကြီးရွာအနီးမှာ မိုင်း ၃ လုံးနဲ့ တတိယအကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့သလို လူသားဒိုင်းအနေနဲ့ဖမ်းဆီးခံလာရတဲ့ ပြည်သူအချို့လည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းကို မိုင်း ၂ ကြိမ်ဆွဲပြီး စနိုက်ပါနဲ့ ၁ ကြိမ်ပစ်ခဲ့တာ။ အဲ့တိုက်ခိုက်မှုတွေမှာ စကစက ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းလာတာလည်းရှိတော့ ဒေသခံအချို့လည်း ထိခိုက်နိုင်ပေမယ့် အတည်မပြုရသေးဘူး။"လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix D-F ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

အောက်တိုဘာ ၁၈ ရက် ဒီမနက်ပိုင်းအထိ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ စမ်းကြီးကျေးရွာမှာ ရှိနေပြီး လူသားဒိုင်းအနေနဲ့ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုလည်း ပြန်မလွှတ်သေးဘူးလို့သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းကလည်း နတ်တလင်းမြို့နယ်အရှေ့ဘက် မန်ကျည်းပင် ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ဉာဏ်လယ်ဗိုလ်တဲကုန်းနဲ့ အထက်ဆင်ဝိုင်းကျေးရွာကြားမှာ စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသည့် နေရာအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #စနိုက်ပါ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10