စစ်ကြောင်းထိုးလာလို့ ငရုတ်ခင်းထဲဝင်ပုန်းနေတဲ့ ဒေသခံ ၅၀ ကျော် အဖမ်းခံရ

စစ်ကြောင်းထိုးလာလို့ ငရုတ်ခင်းထဲဝင်ပုန်းနေတဲ့ ဒေသခံ ၅၀ ကျော် အဖမ်းခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ယာချောင်းဘက်ကနေ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ပတ်ဝန်းကျင်ရှိကျေးရွာတွေဆီကို ဖေဖော်ဝါရီလ ၁၈ ရက်ဒီမနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်လောက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ငွေသောင်၊ အိုင်ကြီး၊ ညောင်လှ စတဲ့ကျေးရွာ ၃ ရွာက ဒေသခံ ၅၀ ကျော်ဟာ ရွာပြင်ကငရုတ်ခင်းတွေထဲ ဝင်ရောက်တိမ်းရှောင်နေကြရင်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတာလို့ အမည်မဖော်လို့တဲ့မျက်မြင် အမျိုးသားတဦးက ပြောပါတယ်။
"ဖမ်းမိခံရတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ စုစုပေါင်းကတော့ ၅၀ ကျော်ရှိပါတယ်။ သူတို့အကုန်လုံးကို ငရုတ်ခင်းထဲကပဲ ဖမ်းမိသွားတာ။ အခုသူတို့ကို ငွေသောင် ဘုန်းကြီးကျောင်းထဲကို ခေါ်သွားပြီးစစ်ဆေးနေကြတယ်။ အခုအချိန်ထိတော့ တယောက်မှ လွတ်မလာသေးဘူး"လို့ ဆိုပါတယ်။
 
ဒေသခံတွေကိုဖမ်းဆီးစစ်ဆေးထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်က PDF တွေတိုက်ခိုက်တာကို ခံလိုက်ရတဲ့ တိရိစ္တာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် အမှတ်(၁) − BPI ကို အင်အားဖြည့်ရောက်နေကြတဲ့ ပခုက္ကူမြို့ပေါ်က တပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
 
"BPI တပ် တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ အင်အားဖြည့်တင်းပြီး တန့်ကြည့်တောင် တောင်ရိုးတခုလုံး နယ်မြေရှင်လင်းရေး လုပ်နေတာ။ ယောချောင်းဘက်က အရှေ့ကမ်းရွာနဲ့ ဥယာဥ်စုရွာကနေ ကျွန်းချောင်း စျေးချောင်ထဲက ရေနံမှော်ထဲကလာပြီး ကျွန်းချောင်းဓါတ်အားပေးစက်ရုံအနီးက. ရုပ်ရှင်ရုံနားညအိပ်ပြီး ခုမနက် စစ်ကြောင်းထိုးတာဘဲ"လို့ ဆိုပါတယ်။
 
ဒါ့အပြင် ငွေသောင်လှေဆိပ်မှာလည်း ဒေသခံအချို့ အဖမ်းခံရတယ်လို့ သိရပြီး ဘယ်နဦးအဖမ်းခံလိုက်ရလဲ ဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။
 
အဆိုပါစစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ကျေးရွာတွေကို ဆက်တိုက်ဆို သလိုဝင်ရောက်မီးရှို့ပြီး ဒေသခံတွေကိုဖမ်းဆီး နေတာကြောင့် သိမ်တော်ရွာ၊ ညောင်နီပင်ရွာ၊ ကံကြီးစုရွာ၊ ပေါက်တောရွာ၊ မြို့စိုးရွာ၊ သီရိလေးရွာ၊ ငှက်ပျောတောရွာ၊ ချမ်းသာကြီးရွာ၊ ဆယ်လံရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
 
 
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10