စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့

စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ကာကွယ်ရေးရဲဘော် အလောင်း ၅လောင်း တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက ဩဂုတ် ၂၂ရက် မနက်အစောပိုင်းမှာ ရွာကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဩဂုတ် ၂၄ရက် မနေ့က နေ့လယ်မှာ နယ်မြေရှင်းလင်းရေး ဝင်လုပ်ချိန် ခေါင်းဖြတ်ခံထားရတာတွေ တွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျေးရွာဘုန်းကြီးကျောင်းရဲ့ မြောက်ဘက် အုတ်တံတားဘေးမှာ သတ်ဖြတ်ထားခဲ့တယ်။ ၅ ယောက်လုံးက အရှင်ဖမ်းခံရပြီးမှ သတ်ဖြတ်ခံရတာ။ သေနတ်ဒဏ်ရာ မတွေ့ဘူး။ ခေါင်းတွေပဲ အကုန်ဖြတ်သွားတယ်။ ခေါင်းတခြား ကိုယ်တခြားပေါ့။ ခေါင်းတွေကတော့ တန်းစီထားခဲ့တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်လို့  အသက် ၁၉ နှစ်ကနေ ၃၈ နှစ်ကြားအရွယ်ရှိ ဒေသခံကာကွယ်ရေး ရဲဘော် ၅ ဦး သေဆုံးခဲ့ပြီး ထန်းတောဆိပ်ကျေးရွာက ၄ ဦး ညောင်ပင်ရှည် ကျေးရွာက တဦး ပါဝင်တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၂ရက် မနက် ၁နာရီမှာ ကင်းရဲဘော်၂ဦးကို စစ်ကြောင်းနဲ့ဝိုင်းကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး  နေ့လယ်ပိုင်းမှာတော့ သေဆုံးရဲဘော်တွေရဲ့အလောင်းကို သွားကောက်တဲ့ ရဲဘော် ၃ ဦး ထပ်မံဖမ်းဆီးခံရကာ အသတ်ခံလိုက်ရတာပါ။ 

သေဆုံးရဲဘော်တွေရဲ့ အလောင်းတွေကိုတော့ သြဂုတ် ၂၄ရက် မနေ့ နေ့လယ်ကပဲ မြေမြှုပ်သဂြိုဟ်ပေးလိုက်ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ညောင်ပင်ရှည်၊ အင်းစ၊ ထန်းတောဆိပ်၊ သဲနုပုံစတဲ့ရွာတွေကို တောက်လျှောက် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဩဂုတ် ၂၁ရက်ကလည်း အဲ့ဒီစစ်ကြောင်းက ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ မူးမန္တလေးကျေးရွာက အသက် ၂၁နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#စစ်ကိုင်းသတင်း #နယ်မြေရှင်းလင်း #စစ်ကြောင်းထိုး #မူးမန္တလေးရွာ #သတင်း #PDFရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10