စစ်ကြောရေးပို့ခံခဲ့ရတဲ့ မြင်းခြံထောင်ကနိုင်/ကျဉ်းတွေ ထောင်ပြောင်းခံရပြီး နိုင်/ကျဉ်း ၈၀၀ ကျော်လည်း ရိုက်နှက်ခံနေရ

စစ်ကြောရေးပို့ခံခဲ့ရတဲ့ မြင်းခြံထောင်ကနိုင်/ကျဉ်းတွေ ထောင်ပြောင်းခံရပြီး နိုင်/ကျဉ်း ၈၀၀ ကျော်လည်း ရိုက်နှက်ခံနေရ

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကနေ စစ်ကြောရေးကိုခေါ်ထုတ်ကာ ရိုက်နှက်နှိပ်စက်ပြီးနောက်  တိုက်ပိတ်ခံထားရတဲ့ နိုင်/ကျဉ်း ၁၃ ဦးအပါအဝင် ၁၇ ဦး ထောင်ပြောင်းရွှေ့ခံလိုက်ရပြီး တခြားနိုင်ငံရေးအကျဉ်းသားတွေလည်း နေ့စဉ်ခေါ်ယူရိုက်နှက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

 

ဇွန်လ ၃၀ ရက် ညသန်းခေါင်မှာ အဲ့ဒီ နိုင်/ကျဉ်း ၁၃ ဦးနဲ့ ထောင်တွင်းတက်ကြွလှုပ်ရှားသူ ၄ ဦးကို ထောင်အာဏာပိုင်တွေက မြင်းခြံထောင်ကနေ လာရောက်ခေါ်ဆောင်သွားပြီးနောက် မကွေးနဲ့ သရက်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာလို့ဆိုပါတယ်။

 

“ထောင်ထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေထားတွေ ရောက်နေတာ။ အရင်လိုမဟုတ်တော့ဘူး။ အခုက အဖွဲ့အစည်းတွေနဲ့ ညှင်းပန်းတာတွေနဲ့ စစ်တပ်ပါပါလာတော့ စိုးရိမ်ရတယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက မြေလတ်အသံကို ပြောပါတယ်။

 

မြင်းခြံထောင်ကနေ စစ်ကြောရေးကို ခေါ်ယူနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသက်မောင်မောင်၊ ကိုကျော်မင်းနိုင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုမင်းရဲထွေး၊ ကိုကျော်စိုးလွင်၊ ကိုထက်ဦးမာန်၊ ကိုဇော်ရဲထက်၊ ကိုဥက္ကာ၊ ကိုကျော်ဇင်ဦး၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုအောင်မျိုးသန့်၊ ထောင်တွင်းတက်ကြွလှုပ်ရှားသူ ကိုရဲမြင့်အောင်နဲ့  တခြား ၃ ဦးတို့ ပြောင်းရွှေ့ခံခဲ့ရတာလို့ ဆိုပါတယ်။

 

အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေထဲက ၁၃ ဦးကို စစ်ကောင်စီတပ်က မေလ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ  ခမရ ၁၅ တပ်တွင်း စစ်ကြောရေးကိုခေါ်ကာ ရိုက်နှက်မေးမြန်းခဲ့တာဖြစ်ပြီး အဲ့ဒီလ ၂၉ ရက်နေ့မှာ ထောင်ထဲကို ပြန်ရောက်ခဲ့ပေမယ့် တခြားအကျဉ်းသားတွေနဲ့တွေ့ခွင့်မပေးဘဲ ချက်ချင်းတိုက်ပိတ်ထားကာ ထောင်ပြောင်းတဲ့နေ့မှာလည်း တိုက်ထဲကနေပဲ လာရောက်ခေါ်ဆောင်သွားခံရတာလို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကြောရေးအပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေး လုပ်ဆောင်နေတဲ့ ထောင်တွင်းတက်ကြွလှုပ်ရှားသူ  ၇၀ ကို တိုက်ပိတ်ထားပြီး၊ တခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း မေလ ၂၄ ရက်ကနေ ဇွန်လကုန်အထိ  ထောင်ဗူးဝကိုခေါ်ဆောင် ရိုက်နှက်ခဲ့ကာ တလကျော်ကာလအတွင်း ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၈၇၀ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

 

“ထောင်ဗူးဝထဲ တယောက်ချင်းစီခေါ်ပြီးမှ လက်ထိပ်ကို နောက်ပြန်ခတ်တယ်။ မျက်နှာကိုအဝတ်အုပ်ပြီး ရေတွေပက်တယ်၊ ကျင်စက်တွေနဲ့ ထိုးတယ်။ ပြီးတော့ အောက်ခြေအကျဥ်းထောင်ဝန်ထမ်းတွေက ဝိုင်းကန်တယ်၊ ရိုက်တယ်၊ အဲ့လိုလုပ်ပြီးမှ ပြန်ပို့တယ်၊ နေ့တိုင်းခေါ်ရိုက်နေတာ။ တချို့ဆို ထောင်ကညှပ်ပေးတဲ့ ဆံပင်ပုံစံကေ ကြည့်မကောင်းရင်လည်း ခေါ်ရိုက်တယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကြောရေးကို ခေါ်ထုတ်ခံရသူတွေထဲက တဦးဖြစ်တဲ့ ကိုတိုးဝေအောင်ဟာ အခုအချိန်ထိ ထောင်တွင်းကို ပြန်လည်ရောက်ရှိလာခြင်းမရှိသေးဘဲ ပျောက်ဆုံးနေကာ အကျဉ်းသားတွေကတော့ စစ်ကြောရေးမှာလက်လွန်ပြီး သေဆုံးသွားတာမျိုးဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

 

အခုလို အကျဉ်းထောင်တွေမှာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာဟာ စီမံချက်တခုအနေနဲ့လုပ်ဆောင်နေတာဖြစ်နိုင်ပြီး မေလ ၂၉ ရက်နောက်ပိုင်းကစပြီး ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်တာတွေ လုပ်ဆောင်လာတာလို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံထောင် #နိုင်ကျဉ်း #ထောင်ပြောင်းရွှေ့ #ရိုက်နှက်မှု #အကျဉ်းဦးစီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10