စစ်ခေါင်းဆောင်တက်မယ့် ဗိုလ်သင်တန်းဆင်းပွဲကြောင့် ပြင်ဦးလွင်မှာ လုံခြုံရေးတင်းကျပ်

စစ်ခေါင်းဆောင်တက်မယ့် ဗိုလ်သင်တန်းဆင်းပွဲကြောင့် ပြင်ဦးလွင်မှာ လုံခြုံရေးတင်းကျပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာတက်မယ့် DSA ဗိုလ်သင်တန်းဆင်းပွဲပြုလုပ်ဖို့ရှိလို့ ပြင်ဦးလွင်မြို့တွင်းအပါအဝင် မြို့အနီးဝန်းကျင်ကျေးရွာတွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ စစ်တက္ကသိုလ် အပတ်စဥ် ၆၅ ကျောင်းဆင်းပွဲပြုလုပ်မှာကြောင့် ဒီဇင်ဘာ ၆ ရက် မနေ့ကစတင်ကာ ပြင်ဦးလွင်မြို့တွင်းလမ်းဆုံ၊ နောင်ချိုမြို့ဘက်အဝင်/အထွက်၊ မန္တလေးမြို့ဘက်ကနေ ဝင်ရောက်နိုင်တဲ့လမ်းတွေမှာ ဆိုင်ကယ်တူးဘောက်တွေဖွင့်ပြီး ရှာဖွေတာတွေအပါအဝင် လုံခြုံရေးအင်အားအများအပြား တိုးမြှင့်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

လတ်တလောရရှိထားတဲ့သတင်းအရ စစ်ခေါင်းဆောင်က ရဟတ်ယာဥ်နဲ့လာမယ်လို့သိရပြီး ရဟတ်ယာဥ်ဆင်းမယ့် အနီးစခန်းနေရာရဲ့ အပြင်ဘက်မှာ X-Rayစက် တပ်ဖို့ပါပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အနီးစခန်းကိုတော့ မနေ့ထဲက လုံခြုံရေးချထားတယ်။ အခုX-Rayစက် တပ်ဖို့ပြင်နေတယ်လို့ကြားတယ် "လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြင်ဦးလွင်နဲ့အနီးတဝိုက်ရှိ ကျေးရွာတွေဘက်ကိုတော့ လုံခြုံရေးအများအပြားမချသေးပေမယ့် ဒီနေ့ညပိုင်းမှာ လုံခြုံရေးအထူးကြပ်မတ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

" ပုံမှန်ကညပိုင်းမှာ ကင်းပုန်း ခိုးချလေ့ရှိတယ်။ ဒီနေ့ညမှ ပိုတိုးမယ်ထင်တယ်"လို့ မန္တလေး-လားရှိုး လမ်းမကြီးအနီး နေထိုင်သူတဦးကလည်း ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်တပ်နယ်က အရာရှိကြီးတွေအပါအဝင်စစ်သည်အားလုံးကို လုံခြုံရေးအတွက် အသင့်ပြင်ခိုင်းထားပြီး ဘယ်ကိုတာဝန်ကျမလဲဆိုတာ ပြောမထားဘူးလို့ ပြင်ဦးလွင်မြို့မှာရှိနေတဲ့ တပ်ကြပ်ကြီး အဆင့်ရှိသူတဦးကလည်း ပြောပါတယ်။

မနက်ဖြန်သင်တန်းဆင်းပွဲပြုလုပ်မယ့် စစ်တက္ကသိုလ်အပတ်စဉ် ၆၅ ဟာ စစ်အာဏာမသိမ်းမီ ၂၀၂၀ မှာ ပထမနှစ်စတင်တက်ရောက်ရတဲ့ အပတ်စဉ်ဖြစ်ပြီး ပြင်ဦးလွင်မြို့တွင်းမှာလည်း သင်တန်းဆင်းပွဲလာရောက်တဲ့ ဗိုလ်လောင်းမိဘတွေရောက်ရှိနေကာ မိဘတွေကိုကြိုတင်ခေါ်ယူထားပေမယ့် သင်တန်းဆင်း သတ်မှတ်ရက်ကို အနီးကပ်မှ အတည်ပြုသတ်မှတ်ပေးခဲ့တာလို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ပြင်ဦးလွင်မြို့နဲ့ အနီးဆုံး နောင်ချိုမြို့၊ မတ္တရာမြို့နယ်တွေအထိ တိုက်ပွဲတွေကူးစက်နေပြီး လက်ရှိအထိ မဟာမိတ်အဖွဲ့တွေက စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးသိမ်းပိုက်ထားနိုင်သလို မြို့ ၉ မြို့ထက်မနည်းကို ထိန်းချုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြင်ဦးလွင် #DSA #ဗိုလ်သင်တန်းဆင်းပွဲ #လုံခြုံရေးတင်းကျပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10