စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား

စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား

ပုဂံမြို့သစ် မြို့လယ်ဘုရားအဝိုင်းမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ယနေ့ ဇွန် ၁ ရက် နံနက် ၁ နာရီဝန်းကျင်မှာ လာရောက်ဖယ်ရှားသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မဖယ်ရှားမီညနေပိုင်းက စည်ပင်ဝန်ထမ်း ၁ ဦးလာရောက်ကြည့်ရှုသွားပြီးနောက် ညအချိန်မှာ ကြေးရုပ်တုသပ်သပ်၊ ခုံသပ်သပ် အကောင်းအတိုင်းရအောင် သယ်သွားတာဖြစ်ပြီး အနီးနားရှိ ပန်းပင်တွေကိုလည်း အကုန်ဖျက်ဆီးရှင်းလင်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ညကြီး လူအိပ်ချိန်လာတူးတာဆိုတော့ ဘယ်သူဘယ်ဝါ မကွဲကြဘူး။ သေချာလည်းမကြည့်ရဲကြဘူး။ မတူးခင်ညနေပိုင်းမှာ စည်ပင်ကလူတစ်ယောက်လာ ကြည့်သွားတယ်။" လို့ မြို့ခံတဦးကပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အထိမ်းအမှတ် စိုက်ထားတဲ့ တပေဘူတ(သပြေဘူတ) ပင်တွေကို အကုန် ထိုးကော် ဖျက်ဆီးသွားတာမှာ တပင်မှ မကျန်တော့ဘူးလို့ ဆိုပါတယ်။

"ကျမတို့ ပုဂံက လူနည်းစုလေးနဲ့ ဒီကြေးရုပ်ဖြစ်မြောက်ရေး အခက်အခဲကြားက တအားကြိုးစားခဲ့ရတာ။ ဖြစ်မြောက်ခဲ့တာတွေ အသိအမှတ်ပြုတာမလိုချင်ပေမယ့် ဖျက်ဆီးခံရတာကိုတော့ မှတ်တမ်းယူစေချင်ပါတယ်" လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီဗိုလ်ချုပ်ကြေးရုပ်ထုဟာ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က စိုက်ထူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်မှာတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်းနဲ့ဇနီးအဖွဲ့ဟာ ပုဂံက ရွှေစည်းခုံဘုရားနဲ့ ထီးလိုမင်းလိုဘုရားတို့ကို သွားရောက်ခဲ့ကာ အလှူငွေတွေ ဆပ်ကပ်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

"ပုဂံ မှာ ကျနော်တို့ ကျိန်စာ တိုက်ပွဲတွေလုပ်ခဲ့တဲ့ နေရာတွေကိုပြန်ရှာပြီး မအလ လာပြီးတော့ယတြာပြန်ချေနေတယ်" လို့ မြို့ခံအမျိုးသားတဦးကလည်း ပြောပါတယ်။

ထီးလိုမင်းလိုဘုရားသမိုင်းမှာတော့ နရပတိစည်သူမင်း နတ်ရွာစံကာနီး ထီးနန်းဆက်ခံရန် ရွေးချယ်ရာ အများကျေနပ်မှုရှိစေဖို့ သားတော်များအလယ် ထီးဖြူစိုက်ကာ ရထိုက်သူထံ တိမ်းညွှတ်ဖို့ အဓိဌာန်ပြုရာ ဇေယျသိင်္ခမင်းသားဘက် တိမ်းညွှတ်တဲ့အတွက် ထီးကလည်းလို၊ မင်းကလည်းလိုတဲ့အတွက် ထီးလိုမင်းလိုဟု အမည်နာမဖြင့် ဘုရားတည်ထားတာလို့ သိရပါတယ်။

ယခင် စစ်ခေါင်းဆောင်တွေ လက်ထက်ကလည်း သူတို့သည် ထီးနန်းတိုင်းပြည်အာဏာနှင့် သင့်တော်သူဖြစ်ကြောင်း ပြသလိုတဲ့အတွက် ထီးလိုမင်းလိုဘုရားကို သွားသည့် အစဉ်အလာ ရှိခဲ့ကြပါတယ်။

ပုံစာ - ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူပွဲအခမ်းအနားမြင်ကွင်းနှင့် စစ်ခေါင်းဆောင်နှင့်ဇနီးအဖွဲ့ ပုဂံသို့ ရောက်ရှိစဉ်။

#မြေလတ်အသံ

#ပုဂံ #ဗိုလ်ချုပ်အောင်ဆန်း #ကြေးရုပ်တု #ထီးလိုမင်းလိုဘုရား #မင်းအောင်လှိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10