စစ်စခန်းကို တိုက်ခိုက်ချိန် လေယာဥ်နဲ့ပစ်ခံရလို့ PDF တဦးသေဆုံး

စစ်စခန်းကို တိုက်ခိုက်ချိန် လေယာဥ်နဲ့ပစ်ခံရလို့ PDF တဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well Two ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၇ ရက်မနေ့ကတိုက်ခိုက်ရင်း PDF ရဲဘော်တဦး သေဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ရဲဘော်လိပ်ပြာ ဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ချိန်မှာ ကျည်ထိမှန် သေဆုံးခဲ့တာပါ။

“Well Two ရေနံမြေစခန်းကို ကျနော်တို့ဝင်စီးသိမ်းပိုက်တဲ့အချိန် မနက် ၉ နာရီခန့်မှာ Mi 35 လေယာဉ်နဲ့တကြိမ်ပစ်ပြီး၊ နေ့လယ် ၁၁ နာရီကျော်နဲ့ ညနေ ၃ နာရီ ၅၀ မိနစ်မှာ တကြိမ်စီပစ်တယ်။ အဲ့လိုပစ်တာမှာ ကျနော့်အဖွဲ့က ရဲဘော်တဦးကျပြီး ၄ ယောက် ဒဏ်ရာရတယ်။ ၁ ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက အတည်ပြုပြောပါတယ်။

ရဲဘော်ရဲ့အလောင်းကိုတော့ မနေ့ကညနေပိုင်းမှာတင် သင်္ဂြုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်သားအင်အား ၅၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲနေတဲ့ အဲ့ဒီစခန်းကို မနေ့ကမနက်အစောပိုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သလို စစ်အုပ်စုဘက်ကလည်း ပြန်လှန်ပစ်ခတ်ခဲ့ကာ လေကြောင်းနဲ့ပါ ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်တဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။

“ကာကွယ်ရေးအဖွဲ့ ၃၀ ကျော်က မနက် ၆ နာရီက‌နေ ညနေ ၃ နာရီလောက်အထိ ဝင်ရောက်ပစ်ခဲ့တာ။ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်။ ဝင်ရောက်ပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး၊ ဒုတိယအကြိမ် Mi 35 နဲ့လာပစ်တာမှာ မဟာမိတ်အဖွဲ့ထဲက ရဲဘော်တဦး ကျဆုံးခဲ့တယ်” လို့ ကျောက်လုံးကြီး KLG တပ်မဟာ မှ ရဲဘော်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ကျောက်လုံးကြီး KLG တပ်မဟာအပါအဝင် မဟာမိတ်အဖွဲ့ ၃၀ ကျော်က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ၇ ဦးခန့် သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ရေးရဲဘော်တွေက ခန့်မှန်းပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက မြိုင်နယ်အတွင်းကို စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပုံစာ - ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့ဝင်များ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10