စစ်စခန်းတိုက်ခိုက်ခံရပြီး အရာခံဗိုလ်တဦးသေ၊ PDF တိုက်ခိုက်တာမဟုတ်ဘဲ စစ်သားအချင်းချင်း ပစ်တာလို့ သတင်းဖြန့်

စစ်စခန်းတိုက်ခိုက်ခံရပြီး အရာခံဗိုလ်တဦးသေ၊ PDF တိုက်ခိုက်တာမဟုတ်ဘဲ စစ်သားအချင်းချင်း ပစ်တာလို့ သတင်းဖြန့်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ်တဦး အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စစ်သားအင်အား ၁၀ ဦးကျော်ရှိပြီး  ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်တဲ့နေရာကို စောင့်ကြည့် တာဝန်ယူထားတဲ့ အဲ့ဒီစစ်စခန်းကို ဩဂုတ်လ ၂၀ ရက် မနေ့မနက် ၅ နာရီခွဲက စခန်းဝန်းထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စခန်းတာဝန်ခံ အရာခံဗိုလ်သေဆုံးခဲ့ကာ အပြန်လှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့် ကြာခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းဝန်းထဲက အိပ်ဆောင်ထဲထိ ဝင်နိုင်ပြီးတော့ သူ့ကို(အရာခံဗိုလ်) အိပ်ဆောင်ထဲတင် ပစ်လိုက် တာ။ ပစ်တဲ့ချိန်မှာ သူကကုတင်ပေါ်မှာ အိပ်နေတာ။ အိပ်နေတုန်းပစ်ရတာဆိုတော့ ပြန်ထမလာတော့ ဘဲ သေတာကိုအတည်ပြုနိုင်တယ်။ ပစ်တုန်းကတော့ အရာခံဗိုလ်မှန်းမသိသေးဘူး၊ နောက်မှ စစ်သား တွေကပဲ ထုတ်ပြောနေလို့ တဆင့်တဆင့်နဲ့ သတင်းပြန်သိရတာ”လို့ CDF - Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းတာဝန်ခံဖြစ်တဲ့ အရာခံဗိုလ်တဦး ပွဲချင်းပြီးသေကာ တဦး ကတော့ အမြောက်တပ်ထဲကဆေးရုံမှာ ကုသနေစဉ် ထပ်မံသေဆုံးခဲ့ပြီး သေဆုံး အရာခံဗိုလ်ဟာ ကပစ ကနေ တာဝန်နဲ့ ပြောင်းရွေ့လာသူဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ငဖဲနယ် စစ်ကောင်စီတပ်တွေအတွင်း PDF တိုက်ခိုက်မှုမဟုတ်ဘဲ စစ်သားအချင်းချင်းပစ်ခတ်တာလို့ သတင်းဖြန့်ကာ ဖုံးဖိနေတယ်လို့ သိရပါတယ်။

“အမြောက်တပ်မှာ သတင်းလွှင့်တာကတော့ တပ်သားအချင်းချင်း မသင့်မြတ်လို့ ပစ်ကြတာပါဆိုပြီး ဒီနေ့ထိ ရသလောက်လိမ်သေးတယ်။ သေတာကိုလည်း လိမ်သေးတယ်"လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်အကြာမှာ ပဒါန်းအခြေစိုက် အမှတ် ၃၇၅ အမြောက်တပ်ရင်း (အမတ - ၃၇၅) ကနေ စစ်ကား ၂ စီး၊ အရေးပေါ်ကားတစီး၊ နာရေးကားတစီးနဲ့ အဲ့ဒီစစ်ကောင်စီစခန်းကို စစ်ကူ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြပ်ရေး စစ်စခန်းကို အခုလို ဝင်ရောက်ပစ်ခတ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ကာလတွေတုန်းကတော့ လက်ပစ်မိုင်းနဲ့ အဝေးကပစ်ထည့်တာ မျိုးသာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ငဖဲနယ်အတွင်းမှာ စစ်ကောင်စီလက်အောက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄)၊ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( မစခ ၉၀၅)၊ အမှတ် ၃၇၅ အမြောက်တပ်ရင်း (အမတ ၃၇၅) စတဲ့ တပ်ရင်း၊ တပ်မတွေ အခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

ပုံစာ -CDF-Asho က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ငဖဲမြို့နယ်၊ မြေလတ်ရွာအနီးစစ်ကောင်စီတပ်စခန်း။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ငဖဲ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #CDF-Asho #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10