စစ်စခန်းနားထိကပ်ကာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေဆုံး

စစ်စခန်းနားထိကပ်ကာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းကို အောက်တိုဘာ ၂ ရက်မှာ စနိုက်ပါ ၂ လက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern Yesagyo PDF အဖွဲ့က ပြောပါတယ်။

အင်အား ၅၀ ဝန်းကျင်နဲ့ အရှေ့ဘုန်းကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ညနေ ၄ နာရီဝန်းကျင်က မီတာ ၃၀၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သွားပြီးတိုက်ခိုက်ခဲ့တဲ့ တည်နေရာနဲ့ စစ်စခန်းရဲ့ကြားမှာ လယ်ကွင်းတခုသာခြားပြီး သေချာလှမ်းမြင်နေရတဲ့ အကွာအဝေးကနေ ပစ်ခတ်ခဲ့တာလို့ Southern Yesagyo PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

"လမ်းအနောက်ဘက် ကင်းဘန်ကာကနေ ထွက်လာတဲ့ ခွေးတကောင်ကို ကျနော်တို့တွေ့တယ်။ ဘောင်းဘီအရှည်နဲ့ အင်္ကျီအဖြူ ချိုင်းပြတ်(ဂျိုင်းပြတ်) ဝတ်ထားတယ်။ သူကိုင်တဲ့သေနတ်က အူစီ ဒင်ကအနီရောင်လေးနဲ့ အဲဒါတွေပါမြင်ရတယ်။ သူ့ကိုတွေ့တော့ ကျ‌နော်တို့က စနိုက်ပါ ၂ လက်နဲ့ တပြိုင်နက်တည်း ပစ်လိုက်တာ။ အဲ့ဒီခွေးကတော့ တခါတည်းဆိုက်လဲကျပြီး သေသွားတယ်။" လို့ ခေါင်းဆောင်ဗိုလ်အောင်မောင်းက ပြောပါတယ်။

ပစ်ခတ်မှုအပြီး ဘန်ကာထဲက အင်္ကျီကျွတ်နဲ့ လူတဦးထွက်လာပြီး PDF တွေရှိရာဘက်ကို သေနတ်နဲ့ဆက်တိုက်ပစ်ခတ်ခဲ့လို့ အဲ့ဒီလူကိုလည်း စနိုက်ပါနဲ့ ပြန်ပစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဘုန်းကန်ရွာတောင်ဘက်ကနေလည်း ၄၀ မမ ဗုံးသီးတွေနဲ့ပါ စစ်တပ်က ပြန်ပစ်ခဲ့လို့ ထိခိုက်မှုမရှိအောင် ဝပ်နေခဲ့ရတယ်လို့ ပြောပါတယ်။

"ယာတကွက်လေးပဲခြားတာ။ ကျနော်တို့က ကံကောင်းတာလား မသေချင်တာလားမသိဘူး။ ၄၀ တွေက ကျနော်တို့အနားကိုကျတာ။ ဒါပေမဲ့ မကွဲဘူး။ မြေကပဲပျော့ပြီးစိုလို့လား၊ ကိုယ်ကပဲကံဇာတာကောင်းတာလားမသိဘူး။ ရဲဘော်တွေက ကျနော်တို့အနားကျတဲ့ ၄၀ အဆံ ၂ ဆံကိုကောက်ခဲ့တယ်။ အဲ့လိုနဲ့ ကျနော်တို့ ရဲဘော်တွေအထိအခိုက်မရှိ နောက်ပြန်ဆုတ်လာခဲ့တယ်။"လို့  ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ ပခုက္ကူဘက်က ကားတစီးရောက်လာပြီး စနိုက်ပါထိမှန်သွားသူကိုတင်ကာပခုက္ကူဘက်ကို ပြန်မောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ Southern Yesagyo PDF နဲ့ ဒေသခံ PDF တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #အရှေ့ဘုန်းကန်ရွာ #စစ်ကောင်စီဂိတ်စခန်း #စနိုက်ပါ #ပစ်ခတ် #Southern_Yesagyo_PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10