စစ်ဆရာဝန်ကားမိုင်းဆွဲခံရတာကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရပြီး ၄ဦးသေဆုံး ၅ဦးဒဏ်ရာပြင်းထန်

စစ်ဆရာဝန်ကားမိုင်းဆွဲခံရတာကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရပြီး ၄ဦးသေဆုံး ၅ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီဆရာဝန်ရဲ့ကားကို PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီဖြစ်စဥ်ကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရလို့ ၄ဦး‌သေဆုံးပြီး ၅ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ရက် မနေ့က ည ၈နာရီဝန်းကျင်မှာ စစ်ဆရာဝန်ကားကို ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး ဆွဲမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဆရာဝန်ဖြစ်သူ နေရာမှာပဲ သေဆုံးခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာ ဒုတပ်ကြပ်လို့ယူဆရသူတဦး သေဆုံးခဲ့တယ်လို့  Special 9-HPDF တာဝန်ခံတဦးက ပြောပါတယ်။ 

"စစ်ဆရာဝန်တယောက်နဲ့ စစ်အရာရှိတယောက်ရောက်နေတယ်လို့သတင်းရထားတာရှိတာပါ၊ သူကနီကယ်အနားလေးကိုအရောက်မှာ ကြားကနေဖြတ်ပြီးမိုင်းခွဲပြီးတိုက်ခိုက်တာပေါ့၊သေဆုံးမှုကတော့ စစ်ဆရာဝန်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။

ဆရာဝန်ကား ဖောက်ခွဲခံရပြီး နာရီဝက်အကြာမှာ  ရဲနဲ့ စစ်သား‌တွေ ဆိုင်ကယ် ၃စီးနဲ့ ထပ်ရောက်လာခဲ့လို့ နောက်ထပ် မိုင်း၄ လုံးကို ခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special 9-HPDF တာဝန်ခံက ဆက်ပြောပါတယ်။ 

" အဲဒီလူနာတွေကိုလာခေါ်မယ့်စစ်ခွေး ရဲတွေခွေးတွေရောက်လာတယ်၊ဆိုင်ကယ် ၃ စီးနဲ့ထပ်ရောက်လာတာ၊အဲဒါကိုတကြိမ်ထပ်ပြီးတော့ ကျန်တဲ့မိုင်း ၄ လုံးကိုထပ်ခွဲလိုက်တယ် အဲဒီလိုထပ်ခွဲတာ ၂ ယောက်ထပ်သေပြီး ၅ ယောက်ကတော့ တကောင်းဆေးရုံမှာရောက်နေတယ်လို့သိရပါတယ်" လို့ အဲ့ဒီတာဝန်ခံကပဲ ပြောပါတယ်။

အဲ့ဒီနေ့က စုစုပေါင်း မိုင်း ၈လုံး ဆွဲတိုက်ခိုက်ခဲ့ပြီး တကြိမ်မှာ ၂ယောက်စီ သေဆုံးကာ စုစုပေါင်း ၄ဦး သေဆုံးခဲ့တဲ့ အပြင် ၅ဦးက ဒဏ်ရာပြင်းထန်လို့ တကောင်းဆေးရုံမှာ ဆေးကုသနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10