စစ်ဆေးရေးတင်းကြပ်နေတဲ့ ရေနံချောင်းမြို့ပေါ်မှာ UG ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

စစ်ဆေးရေးတင်းကြပ်နေတဲ့ ရေနံချောင်းမြို့ပေါ်မှာ UG ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

မကွေးတိုင်း၊ ရေနံချောင်းမြို့ပေါ်က ပြည်သူတွေကို ပန်းသပိတ်မဆင်နွှဲနိုင်အောင် စစ်ကောင်စီတပ်သားတွေက စစ်ဆေးမှု တင်းကြပ်ထားတဲ့ကြားကနေ UG ရဲဘော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ Yenangyaung Local People's Defence Force(Phay Kan Kaung) အဖွဲ့က ပြောပါတယ်။

ဇွန်လ ၁၉ ရက် ဒီနေ့မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်သားတွေက တမြို့လုံးကို စစ်ကားတွေနဲ့ ကင်းပတ်နေတာ၊ နေအိမ်တွေကို ဝင်စစ်တာ၊ လမ်းသွားပြည်သူတွေရဲ့ဖုန်းနဲ့ ဆိုင်ကယ်တူးဘောက်တွေကို ဖွင့်စစ်တာတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

"မွေးနေ့မှစလို့ အမေလည်း အမြန်ဆုံးလွတ်မြောက်နိုင်အောင် တတ်နိုင်တဲ့ဘက်ကနေ ကျနော်တို့ ကြိုးစားပေးပါမယ်လို့ မွေးနေ့မှာကတိပြုရင်း သပိတ်ဆင်နွှဲခဲ့တာ"လို့ Yenangyaung Local People's Defence Force(Phay Kan Kaung)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဖက်တီးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်မှာ Phay Kan Kaung အဖွဲ့က မြို့မရဲစခန်းနဲ့ ယာပြင်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက စစ်ဆေးတင်းကြပ်တာတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ဇွန်လ ၁၉ ရက်ဒီနေ့ မှာတော့ ပိုမိုတင်းကြပ်ထားတာဖြစ်တယ်လို့ Yenangyaung Local People's Defence Force(Phay Kan Kaung) အဖွဲ့က ပြောဆိုထားပါတယ်။

ဇွန်လ ၁၈ ရက်မှာလည်း ရေနံချောင်းမြို့နယ်က ကျေးရွာတရွာမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးက ဦးဆောင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ပန်းသပိတ်ပြုလုပ်ခဲ့ကြ သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #Phay_Kan_Kaung #ပန်းသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10