စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံထောင်ကျော်ထွက်ပြေးနေရပြီး ရွာသား ၂ ဦးပါအဖမ်းခံထားရ

စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံထောင်ကျော်ထွက်ပြေးနေရပြီး ရွာသား ၂ ဦးပါအဖမ်းခံထားရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်းပိုင်းကို စစ်ကောင်စီစစ်ကြောင်းတခုက ဖေဖော်ဝါရီလ ၂၆ ရက်ဒီမနက် ၇ နာရီလောက်မှာစစ်ကြောင်းထိုးလာလို့ အဲ့ဒီဒေသတလျောက်ရှိကျေးရွာတွေက ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးနေရပြီး ရွာသား ၂ ဦးလည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။
 
ယာကြီးပြင်ရွာဘက်ကနေလာတဲ့ အင်အား ၈၀ ကျော်စစ်ကြောင်းက နွားကျောင်းနေတဲ့ အသက် ၃၀ နှစ်အရွယ်ဇီးဖြူကုန်းရွာသား ၂ ဦးကိုဖမ်းဆီးခဲ့ပြီးနောက် သေနတ်ပစ်ခတ်ကာ သဖန်းချောက်ကျေးရွာထဲကို ဝင်ရောက်နေတယ်လို့ Successful Force – Pauk မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ပြောပါတယ်။
 
"နွားကျောင်းသား၂ ယောက်က ရွာကနေ ယောချောင်းထဲကိုနွားကျောင်းထွက်လာချိန် စကစ စစ်ကြောင်းက သူတို့ဘက်ထိုးချိန် ထိပ်တိုက်တွေ့လို့ဖမ်းခံရတာ။ စခတွေလိုက်ဖမ်းတာ မြင်လိုက်ရတယ်။ ဇီးဖြူကုန်းနဲ့ သဖန်းချောက်က တောင်ကုန်းလေး၂ခုပဲခြားတယ်” လို့ ပြောပါတယ်။
 
လက်ရှိမှာ အဲ့ဒီစစ်ကောင်စီတပ်တွေက သဖန်းချောက်ကျေးရွာထဲမှာပဲ ရှိနေသေးတယ်လို့သိရပြီး ဖမ်းဆီးခံရွာသား ၂ ဦးလည်း ပြန်မလွတ်သေးဘူးလို့ဆိုပါတယ်။
 
ဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်တာမရှိဘဲ သွားရာလမ်းတလျောက် သေနတ်ပစ်ခတ်နေတာကြောင့် ပန်းတော်ကန်၊ သဖန်းချောက်၊ ဇီးဖြူကုန်း၊ ရေယာဥ်တောင်စု၊ မြောက်စုစတဲ့ ကျေးရွာ ၅ ရွာက ဒေသခံ ၁ ထောင်ကျော်မှာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10