စစ်တပ်က စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က ဒေသခံသောင်းချီထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က ဒေသခံသောင်းချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက ယင်းမာယင်မြို့နယ်၊ အင်ကြင်းတောင်ရွာမှာ တပ်စွဲထားရာကနေ ထွက်ခွာစစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်ရှိမှာ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်ရှိ ဖိုးတောင်နဲ့ မတောင့်တရွာကြားကိုရောက်ရှိကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ယင်းမာပင်မြို့ပြပြောက်ကျားတာဝန်ခံ ကိုကင်းက ပြောပါတယ်။

"အခု မိုးကရွာနေတယ်ဗျ။ ဒေသခံတွေက မိုးပြင်ထဲထွက်ပြေးနေရတာ။ စကစတွေက နေအိမ်တွေကို မီးရှို့မှာကြောက်လို့ ပြေးနေရတာ။ ကားလမ်းမတွေမှာ နွားလှည်းတွေ၊ လယ်ထွန်စက်တွေ၊ ဆိုင်ကယ်တွေနဲ့ အထုပ်အထမ်းတွေယူပြီးတော့ ထွက်ပြေးနေကြတာ။ ကားလမ်းမမှာ ပြည့်ကျပ်နေတယ်ဗျ။ လက်နက်ကြီးပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်"လို့ ဆိုပါတယ်။

ယင်းမာပင်မြို့ နယ်ရှိ ဖိုးတောင်၊ မင်းစု၊ အင်ကြင်းတောင်၊ ရင်ဂေါက်၊ နှောရိုးကင်းဆင့်ရွာနဲ့ ဆားလင်းကြီးမြို့နယ်ရှိ မတောင့်တနဲ့ ဗိုက်သရက်ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ PDF ရဲ့ မကြာခဏတိုက်ခိုက်တာကိုခံနေရတဲ့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းစခန်းကို လူအင်အား၊ လက်နက်အင်အား ဖြည့်ဖို့သွားမယ့်အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၄ ရက်ကလည်း မုံရွာဘက်ကနေ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတခုဟာ ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီးရွာထဲကို ဝင်ရောက်ပြီးတပ်စွဲခဲ့တာကြောင့် အနီးရှိ ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပါတယ်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် စစ်တပ်က စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆားလင်းကြီးဒေသခံများ။ (ပုံဟောင်း)

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ရှောင် #စစ်ကောင်စီ #စစ်ကြောင်းထိုး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10