စစ်တပ်က စစ်ကြောင်းထိုးလို့ ဝက်လက်မြို့နယ်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးလို့ ဝက်လက်မြို့နယ်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်ကောင်စီက ရုတ်တရက်ဝင်ရောက်ကာ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၁ ရွာက ဒေသခံပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၃ ရက် ဒီကနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဧရာဝတီမြစ်ကမ်းဘေးက ငါးပတ်ချောင်းရွာကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်တဲ့ အင်အား ၄၀ ပါ စစ်ကြောင်းဟာ ရှိမ်းမကားကနေ သံခွန်သင်္ဘောနဲ့ ဆန်တက်လာပြီး ရွာသာယာရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။ 

“ကျနော်တို့ဆို ပြင်ဆင်ချိန်ကို မရလိုက်ဘူး။ စက်လတ်နဲ့ တန်းဆွဲတာ၊ လက်နက်ကြီးတွေနဲ့‌ရော။ စထွက်လာပါပြီ ဆိုကတည်းက မြစ်ဘေးနားတလျှောက်လုံးကို ရမ်းပစ်ပြီး နားလိုက်သေးတယ်။ ငါးပတ်ချောင်း ကပ်ကာနီးမှ စက်လတ်နဲ့ဆွဲ လက်နက်ကြီးတွေပစ်ပြီး တန်းဝင်တော့တာပဲ"လို့ ငါးပတ်ချောင်း ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလို ရုတ်တရက် စစ်ကြောင်းဝင်လာလို့ ငါးပတ်ချောင်းအပါအဝင် မြေနု၊ ဆင်ကျွန်း၊ စီပင်ကျွန်း၊ ရွာသစ်ကုန်း၊ ဟင်္သာကြီး၊ သစ်ဆိမ့်၊ ကူကြီး၊ သရက်ပင်စု၊ လှေပို့ဆိပ်၊ ရွာသစ် စတဲ့ကျေးရွာက ပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

အခုလက်ရှိ မြစ်ကြောင်းတလျှောက်မှာရှိတဲ့ ရွာတွေကတော့ စက်လှေတွေနဲ့ ရှောင်ပြေးနေရကာ တချို့ကျေးရွာတွေကတော့ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီစတာတွေနဲ့ ဘေးလွတ်ရာ ထွက်ပြေးနေကြပြီး နယ်မြေခံကာကွယ်ရေး အဖွဲ့တွေကလည်း စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း ငါးပတ်ချောင်းရွာကို စစ်ကြောင်းဝင်ကာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၄၀၀ ရှိတဲ့ထဲ က ၁၂၀ ကျော် မီးလောင်ပြာကျခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ငါးပတ်ချောင်းရွာ #စစ်ကြောင်းထိုး #ရှိမ်းမကား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10